News

POST TYPE

POPULAR POST

မန္တလေးရှိ ဘုန်းကြီးကျောင်းအချို့မှ မူးယစ်ဆေးများ ဆက်တိုက်ဖမ်းမိ
16-Oct-2018
မန္တလေး၊ အောက်တိုဘာ ၁၆

မန္တလေးမြို့တော်အတွင်းရှိ ဘုန်း ကြီးကျောင်းအချို့မှ မူးယစ်ဆေးများ ဆက်တိုက်ဖမ်းမိနေကြောင်း တိုင်း ရဲတပ်ဖွဲ့မှူးထံ တင်ပြသည့် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ ကြေးနန်းများအရ သိရ သည်။

ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင် ခြေတွင်ရှိသည့် ဘုန်းကြီးကျောင်းတစ်ခုအတွင်း သီတင်းသုံးနေထိုင်သည့် အရှင်စန္ဒောဘာသ (ခ) ဦးစိုးမိုး၏ ကျောင်းဆောင်အတွင်းမှ ကျပ်သိန်း ၆၀ ကျော် တန်ဖိုးရှိသည့် ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများကို အောက်တိုဘာလ ၁၅ ရက်နေ့က မူးယစ်ရဲတပ်ဖွဲ့နှင့် နယ်မြေရဲတပ်ဖွဲ့တို့က ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့တို့ထံမှ သိရသည်။

ရန်ကင်းတောင်ပတ်လမ်းဘေးတွင်ရှိသည့် ကျောင်းတိုက်အတွင်း သီတင်းသုံးနေထိုင်သည့် အသက် ၄၉ နှစ် ဝါတော် ၁၈ ဝါရှိသည့် အရှင်စန္ဒောဘာသ (ခ) ဦးစိုးမိုး၏ ကျောင်းဆောင်အတွင်း မူးယစ်ဆေးဝါး သုံးစွဲရောင်းချကြောင်း သတင်းပေးတိုင်ကြားမှုကြောင့် သက်သေများနှင့်အတူ စစ်ဆေးရာမှ ၈၈/၁ စာတန်းပါ စိတ်ကြွဆေးပြား ၃၀၀ နီးပါးနှင့် ဘိန်းဖြူ ၇၄ ဂရမ်တို့ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အမှတ် ၁၈ မူးယစ်ဆေးဝါး ရဲတပ်ဖွဲ့စုမှ အရာရှိတစ်ဦးက အတည်ပြုပြောဆိုသည်။

“မြို့တွင်းမှာက ဖမ်းတာဆီးတာ တွေလုပ်နေတော့ အဖမ်းအဆီးနည်းတဲ့ ဘုန်းကြီးကျောင်းတွေကို ဆေးရောင်းသူတွေက အကာအကွယ်ယူလာတယ် လို့ယူဆရပါတယ်။ ဒါကလည်း ဖြစ်နိုင်ခြေ ပေါ့နော်။ နောက်တစ်ခုက အဲဒီဘုန်းကြီးတွေကိုယ်တိုင် သုံးနေရောင်းနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပတ်ဝန်းကျင်က သတင်းပေးရင်တော့ ကျွန်တော်တို့က ဖမ်းမှာပါ”ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးအရာရှိ (ပထမတန်း) ဒုရဲမှူးကြီး တင်ဇော်ထွန်းက ပြောကြားသည်။

လက်ရှိတွင် မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိခဲ့သည့် အရှင်စန္ဒော ဘာသ (ခ) ဦးစိုးမိုးအပြင် ၎င်းနှင့်အတူ ရှိနေသည့် အသက် ၄၉ နှစ်အရွယ် ဦးမျိုးမြင့် (ခ) အားချန်နှင့် အသက် ၂၈ နှစ်အရွယ် ဦးအောင်လတ်တို့ကို ပုသိမ်ကြီးမြို့မ ရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၂၀(က)/၁၉(က)/၂၁ တို့ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ယင်း ရဲစခန်းထံမှ သိရသည်။

ယင်းအပြင် အောက်တိုဘာ ၁၃ ရက်နေ့ကလည်း ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ ချမ်းမြအောင်စည်ရိပ်သာတွင် သီတင်းသုံးနေထိုင်သော သက်တော် ၅၂ နှစ် ဝါတော် ၁၃ ဝါရှိသော အရှင်အာစိဏ္ဏ ခေါ် ဦးအေးကျော်ထံမှလည်း စိတ်ကြွ ဆေးပြား ၈၀၀၀ ကျော် ဖမ်းဆီးရမိခဲ့သည့် အတွက် ၎င်းကို မူးယစ်ဆေးဝါးနှင့် ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က) နှင့် ၂၁(က) တို့ဖြင့် အမှုဖွင့်ကာ အောက်တို ဘာလ ၁၅ ရက်နေ့တွင် မြို့နယ်တရားရုံး ထံမှ ချုပ်ရက်ရမန်ယူကာ စစ်ဆေးလျက် ရှိကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက အတည်ပြုထားသည်။

ယခုကဲ့သို့ ဘုန်းကြီးကျောင်းများ၌ မူးယစ်ဆေးများ ဖမ်းဆီးရမိနေခြင်းသည် သမ္မတရုံးက ဖွဲ့စည်းထားသည့် မူးယစ်ဆေးဝါး အထူးသတင်းပေး တိုင်ကြားရေး ဌာနသို့ ရောက်ရှိလာသည့် တိုင်ကြားစာများကို ပြည်ထဲရေးဝန်ကြီးဌာနမှတစ်ဆင့် တိုင်းနှင့်ပြည်နယ် ရဲတပ်ဖွဲ့ထံ အကြောင်းကြားလာသောကြောင့် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ရဲအသိုင်းအဝိုင်းထံမှ သိရသည်။

M-04