News

POST TYPE

POPULAR POST

ကမာရွတ် တီတီစီ ကျောင်းအုပ် ဒေါက်တာမိုးသူနှင့် တွေ့ဆုံခြင်း
16-Oct-2018



“ကျွန်မကိုရော၊ ကလေးတွေကိုရော စိတ်ဒဏ်ရာရအောင်လုပ်တဲ့အတွက် မခံနိုင်ပါဘူး”

ရန်ကုန်မြို့တွင် နာမည်ကြီးကျောင်းတစ်ကျောင်းဖြစ်သည့် ကမာရွတ်တီတီစီကျောင်းတွင် ကျောင်းသား ခုနစ်ထောင်ခန့်ရှိပြီး ဆရာဦးရေ ၁၅၀ ကျော်ရှိသည်။ ကမာရွတ်တီတီစီကျောင်းအုပ် ဒေါက်တာမိုးသူကို အထက (၇) မင်္ဂလာဒုံကျောင်းအုပ်အဖြစ် ပြောင်းရွှေ့ပြီး ကွမ်းခြံကုန်းမြို့နယ် တော်လန်းအထက်တန်းကျောင်းအုပ် ဒေါ်ဝင်းဝင်းနွယ်ကို အစားထိုးခန့်ထားကြောင်း အောက်တိုဘာ ၁၁ ရက် ရက်စွဲဖြင့် အခြေခံပညာဦးစီးဌာနက အမိန့်စာထုတ်ပြန်ခဲ့သည်။ ယင်းသို့ကျောင်းပြောင်းခံရသည့် ဒေါက်တာမိုးသူကို The Voice သတင်းစာက သွားရောက်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

(ကမာရွတ် တီတီစီကျောင်းအုပ် ဒေါက်တာမိုးသူသည် ၁၉၉၅ ခုနှစ်မှစ၍ ပညာရေးလောကကို စတင်ဝင်ရောက်လာသူဖြစ်ပြီး အထက (၂) ဗိုလ်တထောင် ကျောင်းအုပ်အဖြစ် ၆ နှစ်၊ ရန်ကင်း အမှတ် (၁) အထက်တန်းကျောင်း ကျောင်းအုပ်အဖြစ် ၃ နှစ်ခွဲ တာဝန်ထမ်းပြီးနောက် ကမာရွတ်တီတီစီသို့ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ကုန်မှစ၍ တာဝန်ထမ်းခဲ့ခြင်းဖြစ်သည်။)

Voice : တီတီစီကနေ မင်္ဂလာဒုံကို ပြောင်းခံရတယ်လို့ သိရပါတယ်။ အမိန့်စာ ဘယ်ချိန်လောက်က ရောက်လာတာပါလဲ။
Dr.MT : ကျွန်မက မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီကျောင်းမှာ ဘာအမှုအခင်းမှလည်း မရှိဘူး။ ကျွန်မတို့ရဲ့ ဒီကျောင်းမှာ သုံးစွဲတဲ့ ငွေကြေးကအစ ပါမောက္ခချုပ် (ရန်ကုန်ပညာရေးတက္ကသိုလ်) က အုပ်ချုပ်တာဖြစ်တဲ့အတွက် အမြဲတမ်းရှင်းတယ်။ နောက်ပြီး မိဘအားလုံးနဲ့လည်း အဆင်ပြေတယ်။ လုပ်ထားတဲ့လုပ်ငန်းကြီးတွေလည်း ရှိတယ်။ ဒီကိစ္စကို ကျွန်မလည်းမသိဘူး။ စနေနေ့ ညနေ ၆ နာရီမှာ သူငယ်ချင်းတစ်ယောက်ကနေ ဖုန်းဆက်ပြီး အပြောင်းအရွှေ့ပါတယ်လို့ပြောတာ။ ပြောတဲ့အချိန်မှာ ၂ နှစ် မပြည့်သေးတဲ့အတွက် အပြောင်းအရွှေ့တင်ထားတာ မရှိဘူး။ ပြီးတဲ့အခါ ဘာအမှုအခင်းမှလည်း မရှိလို့ ပြောင်းရွှေ့ခံရတာ မဖြစ်နိုင်ဘူးလို့ ပြောလိုက်တယ်။ နောက်မှ ထပ်မေးတော့ ဟုတ်တယ်ဆိုတာ ပြောတဲ့သူရှိတယ်။ ကျွန်မတို့ ပါမောက္ခချုပ်ကို မေးကြည့်တဲ့အခါမှာလည်း မဟုတ်ပါဘူးလို့ ပြောတယ်။ လိုက်မေးရင်း မေးရင်းနဲ့ ဟုတ်နေတဲ့အသံကိုကြားတယ်။ အဲဒါနဲ့ နောက်တစ်ရက် မနက်မှာ ဆရာမကြီးကို လာတွေ့ချင်တယ်လို့ ဖုန်းဆက်တယ်။ အဲဒီအချိန်မှာ စာစစ်က ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်လည်း ရှိပါတယ်။ ဆရာမကြီးက လာခဲ့လို့ပြောတယ်။ ကျွန်မသွားတဲ့ အချိန်မှာ ဆရာမကြီးကလည်း ဒီကိစ္စကိုမသိဘူး။ ဦးမျိုးညွန့်ကို မေးတဲ့အခါမှာ ကျွန်မအပြောင်းအရွှေ့ ပါတယ်ဆိုတာ သိရတာ။ 

ဒါဆိုရင် ဒီကိစ္စကို ဘယ်သူလုပ်တာလဲ၊ အဆင့်မြင့်ညွှန်ချုပ်ကို သွားမေးရမလား၊ ဘယ်သူ့ကိုမေးရမလဲလို့ ဆရာမကြီးကို မေးတဲ့အခါ အဆင့်မြင့်က လုပ်တာ မဟုတ်ဘူး။ အခြေခံကလုပ်တာဆိုတာ သိရတယ်။ အဲဒါနဲ့ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးက ဒေါ်ခင်မာဆွေဆီကို သွားပါဆိုပြီး ဆရာမကြီးကိုယ်တိုင် ဖုန်းဆက်ပေးတယ်။ ဖုန်းဆက်ပေးပြီး ကျွန်မသွားပါတယ်။ သွားတဲ့အချိန်မှာ ဒေါ်ခင်မာဆွေကလည်း သူလည်းမသိပါဘူး။ အပေါ်ကပေးလို့ ဒီအော်ဒါကို ယူလာရပါတယ်လို့ ပြောတယ်။ ဒါဆို ကျွန်မကို အော်ဒါ မိတ္တူပေးပါလို့ ပြောတဲ့အချိန်မှ အဲဒီအော်ဒါ ကျွန်မကိုပေးတယ်။ နောက်ဒါကို ဘယ်သူပေးတာလဲလို့ မေးတဲ့အခါ ကျွန်မသိချင်ရင် အခြေခံပညာ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကို မေးပါလို့ပြောတယ်။ ဒါကြောင့် အခု ကျွန်မနေပြည်တော်ကို သွားမေးဖို့လုပ်နေတယ်။ ကျွန်မသည် မတရားအလုပ်ခံရတာကိုတော့ လက်မခံဘူး။ ကျောင်းအုပ်တစ်ယောက်ဖြစ်တဲ့အတွက် ကျောင်းရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကို လုပ်တယ်။ မိဘတွေအားလုံးကလည်း ဒီကိစ္စကို လက်မခံနိုင်ဘူး။ ကျောင်းသူ၊ ကျောင်းသားတွေဆို တစ်မနက်လုံး ဝမ်းနည်းနေကြတယ်။ ကျွန်မကိုရော၊ ကလေးတွေကိုရော စိတ်ဒဏ်ရာရအောင်လုပ်တဲ့အတွက် မခံနိုင်ပါဘူး။အဲဒီအတွက် နောက်တစ်ယောက်ကိုခန့်ထားတဲ့စာကလည်း ထွက်ထားပြီဖြစ်တဲ့အတွက် ဒီကျောင်းသည် လူ ၇၀၀၀ ကျော်ကို အုပ်ချုပ်နေရတဲ့ကျောင်းပါ။ ဒီကျောင်းမှာ လေ့ကျင့်ရေးဌာနမှူးဆိုတဲ့ ရာထူးတစ်ခုလည်း ရှိပါတယ်။ အဲဒီရာထူးနေရာမှာ ကျွန်မကို တင်ပေးချင်တင်ပေး။ မတင်ပေးရင် အလုပ်ထွက်ဖို့အထိ စဉ်းစားထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ မတရားခံရတဲ့အတွက် ဒီလိုမျိုးတော့ မဖြစ်နိုင်ဘူး။ ကျွန်မက ဂုဏ်သိက္ခာနဲ့နေပြီးတော့ ပညာရေးကိုလုပ်လာတာ နှစ်ပေါင်းများစွာ လုပ်လာတာ။ ကျွန်မကို ဘာကြောင့် ပြောင်းရွှေ့တယ်ဆိုတာကို တိတိကျကျသိမှဖြစ်မှာ ဖြစ်တဲ့အတွက် အခု ကျွန်မသွားပြီး မေးမှာပါ။

Voice : ဆရာမအနေနဲ့ ဒီလိုမျိုး ပြောင်းရွှေ့မခံရခင်က ကြိုတင်သတိပေးခံရတာမျိုး ရှိခဲ့ဖူးပါသလား။
Dr.MT : ဘာမှကို မရှိခဲ့တာ။ ဘာဆိုမှ ဘာမှမရှိခဲ့ဘူး။ ကျွန်မ ဒီကျောင်းအတွက် လုပ်တဲ့ဟာသည် အားလုံး United ဖြစ်တယ်။ အခုကိစ္စဖြစ်တော့ ကလေးတွေ တစ်ယောက်ပြီးတစ်ယောက် လာငိုကြတယ်။ ဆရာမတွေ ဖွံ့ဖြိုးရေးအတွက်လည်း အားလုံးလုပ်ထားတယ်။

Voice : ကြိုတင်အသိပေးတာမျိုးမရှိဘဲ ဗြုန်းစားကြီး အမိန့်စာထုတ်လိုက်တဲ့အပေါ် ပညာရေးဝန်ကြီးဌာနကို ဘယ်လိုမြင်ပါသလဲ။
Dr.MT : ကျွန်မသိချင်တာပေါ့။ ကျွန်မတို့က အခု ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင်နေတဲ့အတွက် ဒီမိုကရေစီနည်းလမ်းကျကျ ပွင့်လင်းမြင်သာမှု ရှိရမယ်။ ကျွန်မ အခုလိုက်မေးတဲ့အချိန်မှာ ဟိုလူ့လွှဲချ ဒီလူ့လွှဲချဆိုတော့ ဘာလုပ်တာလဲပေါ့။ လူအားလုံးမှာ သူ့ရဲ့ Personal ကိစ္စရှိတယ်။ အဲဒီကိစ္စတွေထဲ ကျွန်မကို ဆွဲချလို့မရဘူး။ အဲဒါမျိုးအတွက် လုပ်တယ်ဆိုရင်လည်း ဘာလဲဆိုတာ သိချင်တယ်။ ဥပဒေရှိလားပေါ့။ ဘာလို့ဆို ကျွန်မသည် မမှန်တာကို လုပ်ကိုမလုပ်တာ။ လိမ်ညာပြီး သူများပိုက်ဆံကို ယူထားတာလည်း မရှိဘူး။ ကျွန်မမှာ ပိုင်ဆိုင်မှုလည်း ဘာမှမရှိဘူး။ ကျွန်မသည် အေးအေးချမ်းချမ်းပဲ နေတာ။ ဒီကျောင်းသည် ဘာမှရတဲ့ကျောင်းလည်းမဟုတ်ဘူး။ ဒီအတိုင်း အစားအသောက်လောက်ပဲ လက်ခံတာရှိတာ။ ကျန်တာ ဘာမှမလုပ်ဘူး။

Voice : ကျောင်းကားကိစ္စ စီမံခန့်ခွဲရေးပိုင်းကြောင့် ပြောင်းရွှေ့ခံရတယ်လို့ အပြင်မှာ သတင်းတွေ ထွက်နေပါတယ်။ အဲ့ဒါကြောင့်လို့ ယူဆနိုင်ပါသလား။
Dr.MT : အဲလိုမျိုးမဟုတ်ဘူး။ ကျွန်မ စုံစမ်းပြီးသွားပြီ။ စုံစမ်းတဲ့အခါမှာ အဲဒီကိစ္စမဟုတ်ဘူးလို့ သတင်းထွက်တယ်။ တိတိကျကျ အဖြေသိချင်တဲ့အတွက် အပေါ်ကိုတက်မှာ။ သူတို့ ဘာကြောင့် ပြောင်းတယ်ဆိုတာ စဉ်းစားရမှာပေါ့။ ကျွန်မက မိဘတွေနဲ့ အတိုက်အခံလုပ်ပြီးတော့ကို အများရဲ့အကျိုးကိုပဲကြည့်တယ်။ လူတစ်ယောက် ကားရပ်မယ့်အစား လူ ၃၀ အတွက် ကားရပ်တာ အဆင်ပြေတဲ့အတွကှ်School Bus တွေ School ဖယ်ရီတွေအားလုံး စည်းစည်းလုံးလုံးဖြစ်အောင် ကျွန်မစီစဉ်နေတယ်။ စိတ်စေတနာနဲ့ လုပ်တာ။ ဘယ်သူ့ဆီကမှ ငါးပြာတစ်စေ့ ယူထားတာမရှိဘူး။ အဲဒီအတွက်လည်း အားလုံးကင်းရှင်းတယ်။ ကျွန်မသည် ပညာရေးအတွက် စွမ်းစွမ်းတမံ လုပ်နေတာ။ အခုပြောင်းခံရတဲ့ကျောင်းလည်း ကျွန်မရောက်ရင် ၁ နှစ် ၂ နှစ်အတွင်း မထောင်လာရင် ကြိုက်သလို ပြောလို့ရတယ်။ ကလေးတွေအားလုံးကို ချစ်တဲ့အတွက် စိတ်စေတနာနဲ့ လုပ်တာဖြစ်တဲ့အတွက် လုပ်နိုင်တယ်။ စိတ်မပျော်ရင်တော့ လုပ်မှာမဟုတ်ဘူး။  ကျွန်မရဲ့ ဂုဏ်သိက္ခာတစ်ခုဆိုတာ ရှိသေးတယ်။ ကျွန်မကို ဒီလိုလုပ်တာဖြစ်တဲ့အတွက် စဉ်းစားစရာတွေရှိတယ်။ ဒီလူကြီးတွေကို အသနားခံမယ်။ ပြီးရင် ကျွန်မတို့ ဒီကျောင်းမှာ ဘာကိုမှမကိုင်ဘဲ စီမံခန့်ခွဲမှု သက်သက်ပဲလုပ်ရတဲ့ ရာထူးရှိတယ်။ စီမံခန့်ခွဲမှုလုပ်တဲ့ ဌာနမှူးလေ့ကျင့်ရေးဆိုတာ ရှိတယ်။ ဒီရာထူးက လွတ်နေတာတော်တော်ကြာပြီ။ အဲဒီအတွက် နိုင်ငံတကာနဲ့ဆက်ဆံတာတို့ လုပ်ငန်းအားလုံးကို လုပ်နိုင်တယ်။ ဒီကနေပြီး စီမံခန့်ခွဲမှုအားလုံး လုပ်ပြမယ်။ မအောင်မြင်ဘူးဆိုရင် ကြိုက်သလိုပြော။ ကျောင်းအုပ်လုပ်လာတာ ဆယ့်တစ်နှစ်ထဲမှာ ရောက်နေပြီ။ အော်ဒါထွက်ပြီးသား ဖြစ်တဲ့အတွက် ကျွန်မ မပြောင်းချင်ဘူးဆိုရင် အလုပ်ထွက်လိုက်တာမျိုး လုပ်မှာပါ။ ဒါပေမဲ့ အခု ကျွန်မနစ်နာချက်ကို နည်းမှန်လမ်းမှန် ထုတ်ဖော်ပြသတဲ့အနေနဲ့ စာတင်မှာပါ။ အခြေခံပညာ ညွှန်ချုပ်ဆီ တင်မယ်။ အဆင့်မြင့် ညွှန်ချုပ်ရှိတယ်။ ဝန်ကြီးရှိတယ်။ အဆင့်ဆင့်သွားမှာပါ။

Voice : အခြေခံမှာ ကျောင်းသားတွေ ကျောင်းအပ်တဲ့အခါ နယ်ကျော်လက်ခံတာမျိုးရှိရင် အရေးယူမယ်လို့ ပြောထားတာရှိတယ်။ ဒီတော့ ဆရာမအနေနဲ့ နယ်ကျော်ကျောင်းအပ်လက်ခံတာမျိုး ရှိပါသလား။
Dr.MT : ဒီကျောင်းက ရှိကိုမရှိတာ။ ဒီကျောင်းက တက္ကသိုလ်ဆရာ၊ ဆရာမ ဝန်ထမ်းသားသမီးတွေ လက်ခံတာဖြစ်တဲ့အတွက် နယ်ကျော်မှာပဲ။ သူတို့က နေရာအရပ်အသီးသီးမှာနေတယ်။ လှိုင်မှာနေတယ်။ ဒဂုံမှာနေမယ်။ ကြိုက်တဲ့နေရာမှာ နေပါစေ။ အဲဒီလူတွေကို နယ်ကျော်လို့ မသတ်မှတ်ဘူး။ ပညာရေးလေ့ကျင့်ရေး အထက်တန်းကျောင်းကိုက ပညာရေးဝန်ထမ်းတွေရဲ့ သားသမီးကို ထားတာဖြစ်တဲ့အတွက် အဲဒီလူတွေကတော့ ကျော်မယ်။ ကျန်တဲ့ပြည်သူတွေရဲ့ သား၊ သမီးတွေအားလုံးသည် ကမာရွတ်မြို့နယ်မှာနေတဲ့ ကလေးတွေဖြစ်တယ်။ အားလုံး စစ်ဆေးလို့ရတယ်။ ကျွန်မကိုယ်တိုင်လည်း ကျောင်းအပ်လက်ခံခြင်း မရှိဘူး။ ဘုတ်အဆင့်ဆင့်နဲ့ ရွေးတာ။ အဲဒီအတွက် ကျွန်မလုပ်ထားတာ ဘာမှမရှိဘူး။

Voice : ဒီအပြောင်းအရွှေ့အပေါ် ဘယ်လိုလုပ်ဖို့ အစီအစဉ်ရှိပါသလဲ။ 
Dr.MT : ကျွန်မအနေနဲ့က မျိုးစုံတွေးတယ်။ ဒီပညာရေးကိုလုပ်တာမှာ ကလေးအားလုံးကို မေတ္တာရှိတယ်။ ချမ်းသာတာ၊ ဆင်းရဲတာ ကျွန်မမျက်စိထဲမှာ မမြင်ဘူး။ ဘာဖြစ်လို့လဲဆိုရင် ဒီကျောင်းထဲက အစောင့်တွေ၊ သန့်ရှင်းရေးရဲ့ကလေးကစ ဟိုးအပေါ်ထိ ကျွန်မ ကလေးလို့မြင်တဲ့အတွက် ဟိုကျောင်းက ကလေးကိုလည်း ကလေးလို့ပဲမြင်တယ်။ ကျွန်မသွားတဲ့အချိန်မှာ ဒီကလေးတွေသည် ကျွန်မပြုပြင်ရင် ပြုပြင်သလိုရလားဆိုတာ ကျွန်မအတွေ့အကြုံအရ ကြည့်လိုက်တာနဲ့ သိတယ်။ အဲဒီကျောင်းလည်း တစ်နှစ်အတွင်းမှာ နာမည်မကြီးဘူးဆိုရင် ကြိုက်သလိုပြောလို့ရတယ်။ ကျွန်မသွားကြည့်မယ်။ သွားကြည့်တဲ့အချိန်မှာ ကျွန်မပြောတဲ့အတိုင်း လိုက်နာနိုင်မယ်ဆိုရင် ကျွန်မဆက်ပြီး သူတို့ကိုပြုစုပျိုးထောင်မယ်။ အဲလိုမဟုတ်ဘူးဆိုရင် ကျွန်မ ရာထူးတိုးတစ်ခုခုတင်ပြီး သွားချင်လည်းသွားမယ်။ ဒီအလုပ်ကိုထွက်ပြီးတော့ ကျွန်မဘာသာ သက်သက်စီးပွားရေးတစ်ခုလုပ်ဖို့ စဉ်းစားထားတယ်။ ပညာရေးမှာပဲ ကျင်လည်တာဖြစ်တဲ့အတွက် အထူးသဖြင့် အခြေခံပညာရေးနဲ့ပဲ ကောင်းကောင်းမွန်မွန်လုပ်မယ်။

Voice : နောက်ဆုံးအနေနဲ့ ဖြည့်စွက်ပြောချင်တာများ ရှိပါသလား။
Dr.MT : ဖြည့်စွက်ပြောချင်တာတော့ ဘာမှမရှိဘူး။ လာမေးတဲ့အတွက် ကိုယ့်ရဲ့ဖြစ်စဉ်ပေါ့။ ကျွန်မက ဂုဏ်သိက္ခာနဲ့နေတာဖြစ်တဲ့အတွက် ဂုဏ်သိက္ခာကို တန်ဖိုးထားတယ်။ အဲဒီအတွက် ကျွန်မ ဂုဏ်သိက္ခာမကျဖို့ပဲ အရေးကြီးတယ်။ ကျွန်မသည် လူတွေအားလုံးကို မေတ္တာစေတနာနဲ့လုပ်တယ်။ ကျွန်မ ဒီကျောင်းက သွားခြင်းသည် သူများတွေက တစ်မျိုးထင်နေမှာမို့ပါ။ ဒီလိုမျိုးပြောင်းတော့ မသိတဲ့သူဆို ကျွန်မကပဲ တစ်ခုခုလုပ်သလို။ လူဆိုတာ အကြောင်းမသိဘဲ အပြစ်ပြောဖို့ပဲများတာ။ အဲဒီတော့ ကျွန်မသည် ဒီကျောင်းက လာဘ်စားတာလည်း မရှိဘူး။ ဘယ်သူနဲ့မှ မတည့်တာလည်း မရှိဘူး။ အားလုံးနဲ့ ကောင်းကောင်းမွန်မွန် အလုပ်လုပ်နေတယ်။ အဲဒီအချိန်မှာ ဒီအပြောင်းအရွှေ့ထွက်လိုက်တာ။ ကျွန်မ (အပြောင်းအရွှေ့) တင်တာမဟုတ်ဘဲ လုပ်လိုက်တယ်။ အဲဒီအတွက် ကျွန်မတော်တော်တော့ နာပါတယ်။  
မြဇာခြည်သင်း