News

POST TYPE

POPULAR POST

နံပါတ်တူ လိုင်စင်မဲ့ယာဉ်ကို ပိုင်ရှင်အမျိုးသမီးကိုယ်တိုင် ဖမ်းဆီး
11-Oct-2018

တောင်ငူ၊ အောက်တိုဘာ ၁၀

ပဲခူးတိုင်း ဖြူးမြို့ ရန်ကုန် - မန္တလေး အမြန်လမ်း ၁၁၅ မိုင်ယာဉ်ရပ်နားစခန်းအနီးတွင် နံပါတ်တူနေသည့် လိုင်စင်မဲ့ယာဉ်ကို အမျိုးသမီးတစ်ဦးက အောက်တိုဘာလ ၉ ရက်နေ့က ဖမ်းဆီးပြီး ဖြူးမြို့မရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်နေ ဒေါ်ခင်ဥမ္မာဇော်သည် မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ အိမ်စီးမော်တော်ယာဉ်တစ်စီးနှင့်ပြန်လာစဉ် လွန်ခဲ့သည့် ၂ နှစ်ခန်က ၎င်းဝယ်ယူထားသည့် Alphard ယာဉ်အမျိုးအစားမျိုး နံပါတ်တူယာဉ်ကို အမြန်လမ်း ၁၁၅ မိုင် လမ်းဆုံအနီးတွင် တွေ့ရှိခဲ့သဖြင့် အဆိုပါကားကို လိုက်လံကြည့်ရှုခဲ့ကြောင်း၊ ထို့နောက် အိမ်ကိုဖုန်းပြန်ဆက်ပြီး မိမိကားရှိမရှိ မေးမြန်းရာမှ ရှိကြောင်း သိရှိခဲ့သဖြင့် အဆိုပါကားကို ရှေ့မှကျော်တက်ပြီး မေးမြန်းရာမှ ဖြူးမြို့နယ် ဆိတ်ဖူးခင်ကျေးရွာနေ ဦးဌေးဝင်း (၅၈ နှစ်) မောင်းနှင်လာခြင်းဖြစ်သည်ကိုသိရှိရသဖြင့် ဖြူးမြို့မရဲစခန်းသို့ သွားရောက်အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

ယင်းအမှုနှင့်ပတ်သက်ပြီး ဦးဌေးဝင်းကို ဖြူးမြို့မရဲစခန်းက (ပ) ၄၆၂/ ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၄၂၀/ ၄၆၈ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-15