News

POST TYPE

POPULAR POST

Eleven မီဒီယာကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်
09-Oct-2018


ရန်ကုန်၊ အောက်တိုဘာ ၉

Eleven မီဒီယာမှ အယ်ဒီတာချုပ် ဦးကျော်ဇောလင်း အပါအ၀င် သုံးဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် အမှုဖွင့်ခံထားရကြောင်း အမှုဆောင်အယ်ဒီတာ ကိုဦး (သင်္ချာ)က ပြောကြားသည်။

“အသေးစိတ် မသိဘူးဗျ။ ဘာလို့လဲဆိုတော့ တနင်္လာတုန်းက Weekly ထွက်တာရယ်၊ Daily ထွက်တာရယ် နှစ်ခုစလုံးပဲ။ သူတို့ကိုယ်တိုင်ကလည်း ရဲတွေက လာတဲ့အခါမှာ ဘယ်ဆောင်းပါးကြောင့်၊ ဘယ်အကြောင်းအရာကြောင့် မပြောတော့ မပြောနိုင်ဘူးဖြစ်နေတယ်။ ဘယ်အကြောင်းအရာဆိုတာ ကိုယ်တို့မသိဘူး”ဟု ၎င်းကဆိုသည်။

ယနေ့ ည ၇ နာရီကျော်က တာမွေမြို့နယ်၊ Eleven မီဒီယာရုံးရှေ့သို့ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ ရဲအရာရှိတစ်ဦးနှင့် တာမွေ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှဖုန်းကျော် အပါအ၀င် ရဲတပ်ဖွဲ့ ၁၀ ဦးခန့် ရောက်ရှိလာပြီးနောက် Eleven မီဒီယာမှ တာဝန်ရှိသူများနှင့် တစ်နာရီကျော်ခန့် ပြောဆိုညှိနှိုင်းပြီးနောက် ပြန်လည် ထွက်ခွာသွားသည်။

“ကျွန်တော်တို့ လူ လာရှာတာပါ။ ကျန်တာတော့ မသိသေးဘူး”ဟု တာမွေ မြို့နယ်ရဲတပ်ဖွဲ့မှူးက The Voice သတင်းစာသို့ ပြောကြားခဲ့သည်။

နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်ခံရသူများမှာ အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနှင့် အကြီးတန်းအယ်ဒီတာ ကိုဖြိုးဝေဖြစ်ကြပြီး ရဲတပ်ဖွဲ့က ရုံးသို့လာရောက်ချိန်တွင် ရုံးဆင်းသွားသည့်အတွက် မနက်ဖြန် နံနက် ၁၀ နာရီတွင် ထွေ/အုပ်ရုံးနှင့် ရဲစခန်းသို့ သွားရောက်ဖြေရှင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှုဆောင် အယ်ဒီတာကိုဦး(သင်္ချာ) ထပ်မံပြောဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး တာမွေ မြို့နယ်ရဲတပ်မှူး ရဲမှူးလှဖုန်းကျော်၏ လက်ကိုင်ဖုန်းနံပါတ် ၀၉ ၄၀၀ ၄၀ ၇၇ ၂၂ သို့ ဆက်သွယ်မေးမြန်းရာတွင် ဖုန်းမှားနေသည်ဟု ပြန်လည်ပြောဆိုသည်။

J-17
အောက်တိုဘာ ၈ ရက်နေ့ထုတ် Eleven ဂျာနယ်ပါ မျက်နှာဖုံး ဆောင်းပါး ....