News

POST TYPE

POPULAR POST

ဗဟန်းမှ သားအမိနှစ်ဦးကို ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေဖြင့် စသုံးလုံးက အမှုဖွင့်
05-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၎

ဗဟန်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ နတ်မောက်လမ်းသွယ် (၁) လမ်းတွင် နေထိုင်သော အသက် ၅၉ နှစ် ဒေါ်စဖီယာဘီ (ခ) ဒေါ်မိငယ်နှင့် ၎င်း၏ သားဖြစ်သူ ကိုကိုနိုင် (ခ) ဟာဆန်တို့ နှစ်ဦးကို အောက်တိုဘာလ ၃ ရက်နေ့က ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေဖြင့် အရေးယူပေးပါရန် စသုံးလုံးက တရားလိုပြု အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ 

“အမှုဖွင့်ထားတာ မှန်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စက နှစ်အတော်ကြာပြီ။ ထိုင်းဘက်ခြမ်းမှာ ဖမ်းမိတဲ့ မူးယစ်ကိစ္စနဲ့ ပတ်သက်ပြီး ဆက်နွှယ်နေသူတွေကို ငွေကြေးခဝါချ ဥပဒေတွေနဲ့ တိုက်ဆိုင်စစ်ဆေးခဲ့ရာက ပေါ်ပေါက်ခဲ့တဲ့အမှုဖြစ်စဉ်ပါ”ဟု စသုံးလုံးမှ အရာရှိတစ်ဦးက ရှင်းပြသည်။ 

ငွေကြေးနှင့်ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေပုဒ်မဖြင့် အရေးယူထားသည့် ယင်းအမှုကို စစ်ဆေးပြီး အပြစ်ရှိကြောင်း ရုံးတော်က ဆုံးဖြတ်ခဲ့လျှင် ပိုင်ဆိုင်မှုများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းယူနိုင်မည်ဖြစ်ပြီး အမှုဖွင့်ခံရသူ ဒေါ်စဖီယာဘီ (ခ) ဒေါ်မိငယ်နှင့် ၎င်း၏သားဖြစ်သူ ကိုကိုနိုင် (ခ) ဟာဆန် အပါအဝင် ကျန်မိသားစုဝင်များ၏ အမည်များဖြင့် ဝယ်ယူထားသော အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း၊ ဈေးဆိုင်နှင့် မော်တော်ယာဉ်များမှာ ၁၉၀၀ ပြည့်နှစ် မြန်မာနိုင်ငံတော် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေပါပြစ်မှုကို ကျူးလွန်ပြီးနောက် ရရှိထားသည့် အကျိုးအမြတ် ငွေကြေးနှင့် ပစ္စည်းများကို အရေးယူနိုင်ခြင်း မပြုလုပ်နိုင်စေရန် တရားဝင်အသွင်သို့ လွှဲပြောင်းဆောင်ရွက်ထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။ 

ဒေါ်စဖီယာဘီ (ခ) ဒေါ်မိငယ်တို့ မိသားစုမှာ ၂၀၁၄ ခုနှစ် မတ်လ ၁၄ ရက် နေ့မတိုင်မီက တာမွေ ဗညားဒလလမ်းတွင် မြေညီထပ်တစ်ခန်းနှင့် လေးလွှာတိုက်ခန်းတစ်ခန်း၊ ယုဇနပလာဇာ မြေညီထပ်တွင် ဆိုင်ခန်းတစ်ခန်း၊ ဗဟန်း နတ်မောက်လမ်းသွယ် (၁) လမ်းတွင် မြေနှင့်နှစ်ထပ်တိုက်တစ်လုံး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ၈၀၊ ၈၃၊ ၉၀ နှင့် ၉၃ ရပ်ကွက်များတွင် မြေကွက်များကို ဝယ်ယူထားကြောင်းနှင့် မြဝတီ၊ မော်လမြိုင်တို့တွင် နေအိမ်၊ တိုက်ခန်းနှင့် ဈေးဆိုင်များ၊ ဥယျာဉ်ခြံမြေများ ဝယ်ယူထားကြောင်း၊ ယင်းအပြင် မော်တော်ယာဉ် ၇ စီးနှင့် ဘဏ်ခုနစ်ခုတွင် ၎င်းတို့မိသားစုဝင်များ၏ အမည်များဖြင့် ဖွင့်လှစ်ထားသည့် ငွေစာရင်း ၄၈ ခုထဲမှ လက်ကျန်ငွေ သိန်း ၃၇၀၀ နီးပါးတို့မှာ တရားမဝင်နည်းလမ်းဖြင့် ရရှိထားသော ငွေကြေးနှင့် ပစ္စည်းများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ 

အဆိုပါ ငွေကြေးနှင့် ပစ္စည်းများမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်မရှိဘဲ တရားမဝင် ငွေလွှဲလုပ်ငန်း လုပ်ကိုင်ရာမှ ရရှိထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ယင်းအမှုကို စသုံးလုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေလင်းက တရားလိုပြုတိုင်ကြားခဲ့ပြီး ဗဟန်းမြို့မ ရဲစခန်းက ဒေါ်စဖီယာဘီနှင့် သားဖြစ်သူ ကိုကိုနိုင် (ခ) ဟာဆန်တို့ကို ဖမ်းဆီးပြီး ငွေကြေးနှင့်ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေ ပုဒ်မ ၂၃/၄၃ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

S-03