News

POST TYPE

POPULAR POST

ရခိုင်တစ်ပြည်နယ်လုံးတွင် အဝေးသင်တက်မည့် ဘင်္ဂါလီကျောင်းသား ၃၀၀ ကျော်ရှိ
05-Oct-2018
စစ်တွေ၊ အောက်တိုဘာ ၄

ရခိုင်ပြည်နယ် တစ်ခုလုံး၌ ၂၀၁၈ ခုနှစ် ပညာသင်နှစ် အဝေးသင်တက္ကသိုလ် တက်ရောက်မည့် ဘင်္ဂါလီလူမျိုးကျောင်းသား ၃၃၁ ဦးရှိကြောင်း စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာဝင်းနိုင်က ပြောသည်။

အဝေးသင်တက်ရောက်ရန် သံတွဲမြို့နယ်အတွင်းမှ ဘင်္ဂါလီလူမျိုး ၁၈ ဦး၊ စစ်တွေမြို့ရှိ သက္ကယ်ပြင် ဘင်္ဂါလီဒုက္ခသည်စခန်းမှ ၁၆ ဦးနှင့် မောင်တောခရိုင်အတွင်းမှ ကျောင်းသား ၃၀၀ ခန့်တို့ကို ကျောင်းအပ်လက်ခံထားပြီဖြစ်ကြောင်း စစ်တွေတက္ကသိုလ်မှ သိရသည်။

“လျှောက်တဲ့ သူတွေကို စိစစ်တယ်၊ လက်ခံလို့ရတဲ့ဟာကိုလက်ခံတယ်၊ မရတဲ့ဟာတွေကို လာမယ့်ပညာသင်နှစ်မှာ လုပ်ပေးမယ်။ နောက်ပြီးတော့ ဝင်ခွင့် မတင်ထားတာတွေရှိတယ်၊ အဲဒါတွေကို ဝင်ခွင့်တင်ဖို့လုပ်ရမယ့်အစီအစဉ်ပိုင်းပေါ့။ ကျွန်တော်တို့ လုပ်လို့ရတဲ့ဟာ လုပ်ပေးတယ်၊ မရတဲ့ဟာကိုအဆင့်မြင့်ကို ဆက်ပြီးတင်ထားတယ်”ဟု ဒေါက်တာဝင်းနိုင်က ပြောသည်။

ရခိုင်ပြည်နယ်၌ ၂၀၁၂ ခုနှစ် ပဋိပက္ခဖြစ်ပြီးနောက် စစ်တွေတက္ကသိုလ်၌ တက်ရောက်နေကြသော ဘင်္ဂါလီလူမျိုးများမှာ ကျောင်းတက်ရောက်နိုင်ရန် အခက်အခဲဖြစ်သဖြင့် သံတွဲခရိုင်နှင့် မောင်တောခရိုင်ရှိ ကျောင်းသားများကို ၂၀၁၄ ခုနှစ်မှစ၍လည်းကောင်း၊ စစ်တွေမြို့နယ်ရှိ သက္ကယ်ပြင် ဘင်္ဂါလီဒုက္ခသည်စခန်းရှိ ကျောင်းသားများကို ၂၀၁၇ ခုနှစ် ပညာသင်နှစ်မှ စတင်ပြီးလည်းကောင်း နီးစပ်ရာ ကျောင်းများမှ တက္ကသိုလ် ဆရာ၊ ဆရာမများသည် ၎င်းတို့အား အနီးကပ်ပို့ချသင်ကြားပေးပြီး စာမေးပွဲများ စစ်ဆေးပေးလျက်ရှိကြသည်။

သို့သော် မောင်တောမြို့နယ် အထက (၂) နှင့် ဘူးသီးတောင်မြို့နယ် အထက (၁) တို့တွင် ယခုနှစ် ပညာသင်နှစ်မှစ၍ ပထမဆုံး အဝေးသင်ဌာနခွဲဖွင့်လှစ်ကာ ပညာသင်ကြားပေးသွားမည်ဖြစ်ပြီး ယင်းမြို့နယ်နှစ်ခုအတွင်းမှ တက်ရောက်မည့် ကျောင်းသားများထဲ၌ တိုင်းရင်းသားအချို့လည်း ပါဝင်ကြောင်း ပါမောက္ခချုပ်က ရှင်းပြသည်။

ထိုသို့တက်ရောက်မည့် ကျောင်းသားများသည် ဝိဇ္ဇာ ဘာသာရပ်တက်ရောက်ကြမည်ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံး၌ သတ်မှတ်ထားသည့် အနီးကပ် သင်ကြားရမည့်အချိန်အတိုင်း သင်ကြားကာ စာမေးပွဲဖြေဆိုသွားရမည်ဖြစ်ကြောင်း စစ်တွေတက္ကသိုလ်မှသိရသည်။  

R-22



  • VIA