News

POST TYPE

POPULAR POST

ဖိလစ်ပိုင်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုပြဿနာနှင့် ဒူတာတေး၏ အကျပ်အတည်း
04-Oct-2018


ဖိလစ်ပိုင်မှ နာမည်ကျော် စားဖိုမှူးကြီး ဟင်အူဒီ ဘာရွန်တစ်ယောက် အခက်အခဲနှင့် ရင်ဆိုင်နေရသည်။ သူတာဝန်ယူနေရသည့် Peruvian စားသောက်ဆိုင်၏ ဈေးနှုန်းများကို တက်မှဖြစ်တော့မည်။ အဘယ်ကြောင့်ဆိုသော် ကုန်ဈေးနှုန်းတွေ အရမ်းမြင့်တက်လာသည်။ ဒေသထွက် ငရုတ်သီးဈေးတွေကပင် သုံးဆလောက်တက်သွားသည်။ ပြည်ပမှ တင်သွင်းရသော ကုန်ပစ္စည်းများလည်း ဈေးတက်ရောင်းနေကြသည်။ ဖိလစ်ပိုင်နိုင်ငံသုံးပီဆို ငွေတန်ဖိုးက ကျပြီးရင်းကျနေသည်။

သူဖွင့်ထားသော စားသောက်ဆိုင်၏ ဈေးနှုန်းများကို ၅ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းခန့်အထိ တိုးမြှင့်လိုက်ရသည်။ သူက ဈေးနှုန်းတွေကို မြှင့်လိုက်ရသော်လည်း စိုးရိမ်နေသည်။ သူ့ဖောက်သည်တွေက ရောက်လာကြပါတော့မည်လား။

“ကျွန်တော့်ဆိုင်က နံနံစေ့တွေ အရမ်းသုံးတယ်။ ခုဆိုရင် ဈေးတွေတက်ကုန်လို့ အရမ်းမသုံးနိုင်တော့ဘူး။ လျှော့သုံးရတော့မယ်။ ဈေးတက်ရောင်းမှ ဖြစ်မယ်ဆိုပေမယ့် အရမ်းကြီးလည်း တက်လိုက်လို့ မဖြစ်သေးဘူး။ ပြိုင်ဘက်တွေနဲ့ ဆက်ပြီးတော့ ယှဉ်ရောင်းနိုင်ဖို့ဆိုတာ ဈေးကိုချပြီး အရမ်းလျှော့လိုက်လို့လည်း ဖြစ်မှာမဟုတ်ဘူး”ဆိုသည့် စကားမှာ ယနေ့ ဖိလစ်ပိုင်နိုင်ငံတွင် ငွေတန်ဖိုးကျဆင်းပြီး ကုန်ဈေးနှုန်းများကြီးမြင့်နေခြင်း၏ အကျိုးဆက်တစ်ခု ဖြစ်သည်။ 

ဖိလစ်ပိုင်နိုင်ငံတွင် ငွေကြေးတန်ဖိုး ကျဆင်းဒဏ်ကို စတင်ခံစားနေကြရပြီဖြစ်သည်။ စားဖိုမှူးကြီး တစ်ယောက်သာမဟုတ်။ ပြည်သူတွေအားလုံး တစ်နည်းတစ်ဖုံ ခံစားနေကြရသည်။ စက်တင်ဘာလက ဖိလစ်ပိုင်နိုင်ငံ ဘဏ္ဍာရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဩဂုတ်လက ငွေကြေးဖောင်းပွမှုအနေအထားမှာ ၆ ဒသမ ၄ ရာခိုင်နှုန်းဖြစ်ပြီး၊ ၉ နှစ်အတွင်း အမြင့်ဆုံးဖြစ်သည်ဟုဆိုသည်။

သမ္မတ ဒူတာတေးသည် လွန်ခဲ့သော ၂ နှစ်က စတင်ပြီး ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတတာဝန်ကို ယူခဲ့ရသည်။ ထိုအချိန်က ၂၀၁၆ ခုနှစ် ဇူလိုင်လ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁ ဒသမ ၉ ရာခိုင်နှုန်းခန့်သာရှိသည်။ အရက်ဈေးနှုန်းနှင့် ဆေးလိပ်ဈေးနှုန်းတွေက ၂၁ ဒသမ ၆ ရာခိုင်နှုန်းတက်လာသည်။ အစားအသောက်များနှင့် အရက်မဟုတ်သည့် ဖျော်ရည်များက ၈ ဒသမ ၅ ရာခိုင်နှုန်း တက်သွားသည်။ 

ဆန်ဆိုလျှင် စက်တင်ဘာလက တစ်ကီလိုဂရမ် လျှင် ၄၅ ဒသမ ၂၇ ပီဆိုဖြစ်သွားသည်။ ၂၀၁၇ ခုနှစ်ကထက် ၁၉ ရာခိုင်နှုန်းလောက်တက်သွားခြင်းဖြစ်သည်။ 

“ကျွန်တော်က စီးပွားရေးပညာရှင်တော့ မဟုတ်ဘူး။ ဘာတွေကို ဘယ်လိုလုပ်သင့်တယ်လို့လည်း လျှောက်မပြောချင်ဘူး။ ကျွန်တော့်အမြင်ကတော့ ဟိုလူသည်လူနဲ့ အစိုးရကို လိုက်ပြီး အပြစ်တင်နေမယ့်အစား ကုန်ဈေးနှုန်းတက်အောင် လုပ်နေတဲ့ တစ်ဦးချင်းကိုပဲလိုက်ပြီးတော့ ခြေရာခံသင့်တယ်ထင်တာပဲ” ဟု စားဖိုမှူးကြီးကဆိုသည်။

ဖိလစ်ပိုင်နိုင်ငံ၏ ပီဆိုတန်ဖိုးသည် ၁၃ နှစ် အတွင်း အမေရိကန်ဒေါ်လာဈေးထက် ၅၄ ဒသမ ၂၈ ခန့် ထိုးကျနေသည်။ ထိုသို့ဒေါ်လာဈေးနှင့်ယှဉ်လိုက်လျှင် တန်ဖိုးအဆမတန် ကျဆင်းနေမှုသည် နိုင်ငံအတွင်းသို့ တင်သွင်းနေရသည့် စားသောက်ကုန်များအပေါ်သို့လည်း သက်ရောက်မှုရှိနေသည်။ ပီဆိုငွေက အလွန်အမင်းကျဆင်းနေသဖြင့် နိုင်ငံခြားကို ငွေတွေ အဆမတန်ပေးနေရသည်။ ထိုသို့ ဒေါ်လာဈေးတက်နေမှုများကို ထိန်းချုပ်နိုင်သည့်တစ်နည်းမှာ ပြည်တွင်းဖြစ်ကိုသာ များများသုံးစွဲရန်မှတစ်ပါး အခြားနည်းမရှိဟု သုံးသပ်နေကြသည်။ စားသောက်ဆိုင်များမှာပင် ပြည်တွင်းဖြစ်ကိုသုံးပြီး ပြည်တွင်းဖြစ်များကိုသာ စားသုံးကြရန်ကလွဲ၍ အခြားနည်းလမ်းမရှိဟု ဟင်က သုံးသပ်ပြသည်။ 

စက်တင်ဘာလတွင် ဒူတာတေးသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် သူ၏ တရုတ်အပေါ် ဆင်နွှဲနေသည့် ကုန်သွယ်စစ်ပွဲကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။ ထိုသို့ အရေးယူဆောင်ရွက်နေခြင်းက ဖိလစ်ပိုင်နိုင်ငံ ငွေကြေးဖောင်းပွခြင်းကို ဖြစ်ပေါ်စေသည်ဟု ဒူတာတေးကဆိုသည်။ 

“ဒါကို ဘယ်သူစလဲ။ အမေရိကစတာ။ အမေရိကကနေ ပိတ်ဆို့မှုတွေ လျှောက်လုပ်ပြီး သူတို့အကျိုးစီးပွားတွေ မြင့်တက်အောင်လုပ်တယ်။ ဒီမှာတော့ အရာရာ အားလုံးတက်ကုန်တယ်”ဟု ဒူတာတေးကပြောသည်။

သို့သော် ဒူတာတေးအပြောနှင့် ဗဟိုဘဏ်အပြောက ဆန့်ကျင်ဘက်ဖြစ်သည်။ ငွေကြေးဖောင်းပွရခြင်းမှာ အခွန်များကို တိုးကောက်ခြင်းနှင့်လည်း ပတ်သက်နေသည်ဟု သူတို့ကဆိုသည်။ အစားအစာ၊ အရက်နှင့် ဆေးလိပ်တို့အပေါ် အခွန်တွေ တိုးကောက်လိုက်ခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်များဖြစ်သည်ဟု ဗဟိုဘဏ်က ဝေဖန်ခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် အာဆီယံနိုင်ငံများအတွင်း ဒုတိယအမြင့်ဆုံးနိုင်ငံအဖြစ် စံချိန်တင်ခဲ့သည်။ မြန်မာနိုင်ငံက အဆိုးဆုံး အနေအထားဖြင့် ပထမနေရာတွင်ရှိနေသည်။ မြန်မာက ငွေကြေးဖောင်းပွမှုနှုန်းမှာ ၇ ဒသမ ၅၆ ရာခိုင်နှုန်းဖြစ်သည်။ နောက်ဆုံးရရှိသည့် စာရင်းများအရ ဗီယက်နမ်က ၄ ဒသမ ၅ ရာခိုင်နှုန်း၊ အင်ဒိုနီးရှား က ၃ ဒသမ ၂ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံက ၁ ဒသမ ၆ ရာခိုင်နှုန်း၊ မလေးရှားက ဒသမ ၉ ရာခိုင်နှုန်း၊ စင်ကာပူက ဒသမ ၆ ရာခိုင်နှုန်းဖြစ်သည်။ အာဆီယံနိုင်ငံများအတွင်း မြန်မာက ထိပ်ဆုံးတွင် စံချိန်ယူထားခြင်းဖြစ်သည်။ 

ဖိလစ်ပိုင်နိုင်ငံတွင် ငွေကြေးဖောင်းပွမှုအတွက် စီးပွားရေးပညာရှင်တွေကလည်း အဖြေရှာကြသည်။ သူတို့က သမ္မတဒူတာတေးကို ပြည်ပမှ စားသောက်ကုန်များ ပြည်တွင်းသို့ တင်သွင်းခြင်းအားလျှော့ချပစ်ရန် အကြံပြုကြသည်။ 

အတိုက်အခံခေါင်းဆောင်တစ်ဦးက သမ္မတ ဒူတာတေး၏ နိုင်ငံရေးမကျွမ်းကျင်မှုနှင့် ပြည်သူများ မထောက်ခံမှုတို့ကြောင့် ယခုလိုအနေအထားမျိုးကို ရောက်လာရကြောင်းဝေဖန်ပြစ်တင်သည်။ ဒူတာတေးကလည်း ကွန်မြူနစ်ပါတီနှင့် အမတ်အန်တိုနီယို ထရီလာနိစ်တို့က သူ့ကို ဖြုတ်ချချင်နေသောကြောင့် ယခုလို ပြောဆိုဝေဖန်နေကြခြင်းဖြစ်ကြောင်း တုံ့ပြန်သည်။ 

ဒူတာတေးက အမတ်ထရီလာနိစ်ကို ဖမ်းဆီးရန် အမိန့်ထုတ်သည်။ သူသည် ၂၀၀၃ နှင့် ၂၀၀၇ အာဏာသိမ်းမှုများတွင် ယခင်သမ္မတဟောင်း အာရိုယိုထံမှ အာဏာသိမ်းရန် ကြံစည်ရာ မအောင်မြင်သောကြောင့် အထိန်းသိမ်းခံထားရသူဖြစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူတစ်ဦးဖြစ်သည်။ အမတ်တစ်ယောက်၏ ထောက်ကွက်ဖြစ်သော ပြည်သူများက သူ့ကိုမထောက်ခံတော့သောကြောင့် ငွေကြေးဖောင်းပွလာစေရန် စနစ်တကျလုပ်ဆောင်နေသည်ဆိုသော စကားမှာ ဒူတာတေးကို အရှိုက်ထိုးလိုက်သလို ဖြစ်သွားသောကြောင့်လား မဆိုနိုင်။

မာရီယာ အီလာ အာတီဇန်သည် ဖိလစ်ပိုင်နိုင်ငံရေးသိပ္ပံဂျာနယ်မှ အယ်ဒီတာတစ်ဦးဖြစ်သည်။ သူကလည်း နိုင်ငံအတွင်း ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာခြင်းနှင့် နိုင်ငံအတွင်း စီမံအုပ်ချုပ်မှုများ ညံ့ဖျင်းလာခြင်းများ၏ ဆက်စပ်နေပုံတို့ကို ထောက်ပြထားသည်။ 

“အလုပ်လပ်မဲ့အရေအတွက်တွေက တိုးမြင့်လာတယ်၊ နိုင်ငံရေးကလည်း မတည်ငြိမ်ဘူး၊ ပြဿနာတွေကလည်း အများကြီး။ နိုင်ငံ့ခေါင်းဆောင်အပေါ်မှာ ယုံကြည်မှု ကင်းမဲ့လာခြင်းကလည်း ဆက်စပ်နေလိမ့်မယ်လို့ ကျွန်မတော့ထင်တယ်”ဟု သူကဆိုသည်။ 

ဖိလစ်ပိုင်နိုင်ငံတွင် အလုပ်လက်မဲ့အရေအတွက်က ဇူလိုင်လတွင် ၅ ဒသမ ၄ ရာခိုင်နှုန်းတိုးမြင့်လာသည်။ Social Weather Station ဆိုသည့် လူထုသဘောထားကို လိုက်လံကောက်ခံနေသည့်အဖွဲ့၏ အဆိုအရ ဒူတာတေးအစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုအပေါ် ပြည်သူများ၏ နှစ်သက်သဘောကျမှုမှာ ၅၈ မှတ်ခန့်သာရှိတော့သည်ဟု ဆိုသည်။ ၂၀၁၆ ခုနှစ် စက်တင်ဘာလက ၆၆ မှတ်ရှိထားသဖြင့် ပြည်သူများ၏ရေချိန်က လျှော့ကျလာသည်ကို ပြနေကြောင်း ထောက်ပြထားခြင်းဖြစ်သည်။ 

“ငွေကြေးဖောင်းပွလာမှုရဲ့ အကျိုးဆက်တွေကတော့ အထင်အရှားမြင်နေရပါပြီ။ ဆန်ဈေးနှင့် ငါးဈေးတွေတက်ပြီး ကုန်ပစ္စည်းပြတ်ကုန်တဲ့အထိ ဖြစ်သွားတယ်။ လောင်စာဆီဈေးတွေတက်တော့ သယ်ယူပို့ဆောင်ရေးစရိတ်တွေလည်း တက်ကုန်တယ်။ ဒါတွေအားလုံးဟာ အုပ်ချုပ်စီမံမှုအားလုံးရဲ့ ပုံရိပ်တွေကို ကျဆင်းစေတာပဲ” ဟု အာတီဇန်ကဝေဖန်ခဲ့သည်။ 

ဖိလစ်ပိုင်သည် ယခင်ကလည်း ငွေကြေးဖောင်းပွမှုဒဏ်ကို ခံခဲ့ရသည်။ ၁၉၈၄ ခုနှစ်က ၅၀ ဒသမ ၃ ရာခိုင်နှုန်း အထိရောက်ခဲ့ဖူးသည်။ ထိုအချိန်က အာဏာရှင် ဖာဒီနန် မားကို့စ်စိုးမိုးအုပ်ချုပ်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ၁၉ ရာခိုင်နှုန်း၊ ၁၉၉၈ နှင့် ၂၀၀၈ တို့တွင် ၉ ရာခိုင်နှုန်းစီဖြစ်ခဲ့သည်။ 

ဖိလစ်ပိုင်နိုင်ငံ၏ အုပ်ချုပ်သူများအပေါ် သဘောကျမှုအား စစ်တမ်းကောက်ရာတွင်လည်း ၁၉၉၁ ခုနှစ် သမ္မတကိုရာဇန် အကီနို အုပ်ချုပ်စဉ် ၁ မှတ်သာ ရရှိခဲ့သည်။ ၁၉၉၈ ခုနှစ် ဂျိုးဇက် အက်စ်ထရာဒါး လက်ထက်က ၃၆ မှတ်၊ အာရိုယိုလက်ထက်က အနုတ် ၁ မှတ်အထိ ပြန်လည်ကျဆင်းပြီး ယခု ဒူတာတေးလက်ထက်တွင် ၅၈ မှတ် ပြန်ဖြစ်သွားခဲ့သည်။ 

ဖိလစ်ပိုင်ဒီလီမန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဌာန တွဲဖက်ပါမောက္ခ ရိုဂျီလီယို အေလီကော ပါနာအိုက ငွေကြေးဖောင်းပွမှုနှင့် လူထုထောက်ခံမှုသည် ဆက်စပ်နေကြောင်း၊ အမေရိကန်ပြည်ထောင်စုကဲ့သို့ပင် ဆက်စပ်စဉ်းစားရန်လိုကြောင်း ထောက်ပြထားသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများအတွင်း ပြည်သူလူထု၏ ထောက်ခံအားနည်းခြင်းမှာ အန္တရာယ်ပိုရှိကြောင်း သူ၏သဘောထားကို ထုတ်ဖော်ပြောကြားခဲ့သည်။ သူက လူထု၏ စိုးရိမ်ပူပန်မှုက အရေးကြီးကြောင်း၊ ပေါ်လစီညံ့ဖျင်းမှုကြောင့် ငွေကြေးဖောင်းပွပြီး စီးပွားရေးကျဆင်းသည်ကတစ်ပိုင်း၊ ပြည်သူတို့၏ ဘေးကင်းစွာ မနေထိုင်နိုင်ကြောင်း သောကဖြစ်လာကြသည်ကတစ်ပိုင်း စဉ်းစားရန်လိုကြောင်း၊ လယ်သမားတွေ လယ်ကောင်းစွာမစိုက်ရလျှင် ဆန်ဈေးတွေ တက်လာမည်ဖြစ်ကြောင်း၊ အားလုံး ဆက်စပ်စဉ်းစားရန်လိုကြောင်း ထောက်ပြခဲ့သည်။ 

ဖိလစ်ပိုင်နိုင်ငံတွင် အစိုးရက အကောင်းဆုံး အထောက်အပံ့ပေးပြီး တည်ငြိမ်အေးချမ်းမှုကို အပေးနိုင်ဆုံး ကာလများတွင်သာ တိုးတက်ထွန်းကားခဲ့သည်ဆိုသော အထောက်အထားတွေကရှိနေသည်။ ပြည်သူလူထုကို စိုးရိမ်သောက အကင်းဆုံးဖြစ်အောင် နေထိုင်လုပ်ကိုင်စားသောက်နိုင်သည့် အနေအထားများ ဖြစ်စေလျှင် ငြိမ်းချမ်းပြီး တည်ငြိမ်သည်ဟု ဆိုရမည်။ 

ဖိလစ်ပိုင်နိုင်ငံ၏ လက်ရှိအနေအထားများက ငွေကြေးဖောင်းပွမှုကို ဖြစ်စေနိုင်သည့် အနေအထားတွင် ရောက်နေသည်။ ပေါ်လစီပိုင်အားနည်းချက်က ငွေကြေးဖောင်းပွမှု၏ အဓိကတရားခံဖြစ်ကြောင်း မငြင်းနိုင်ပေ။ ပြည်သူလူထုက ငွေကြေးဖောင်းပွပြီး ကုန်ဈေးနှုန်းမြင့်တက်ရခြင်းမှာ အစိုးရ၏အခွန်တိုးကောက်ခံမှုများနှင့် ဆက်စပ်နေကြောင်း သာမန်အားဖြင့် တွေးကြသည်။ ထိုသဘောတရားသည် မှန်ကောင်းမှန်ကန်ပါလိမ့်မည်။ အစိုးရအနေနှင့် စဉ်းစားစရာ တစ်ချက်ဖြစ်သည်။ 

နိုင်ငံ၏အနေအထားတစ်ရပ်ကို ပြဿနာတစ်ခုတည်းအပေါ်ကြည့်ပြီး သုံးသပ်ရန်မဖြစ်နိုင်ပါ။ နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးစေရန် လုပ်ဆောင်ပေးခြင်း၊ ဝန်ထမ်းများ၏လစာကို တိုးမြှင့်ပေးနိုင်ရန် စီစဉ်ပေးခြင်းတို့ဖြင့် ကုစားရန်ပညာရှင်တွေကလည်း အကြံပြုထားကြသည်။ သို့သော် လက်ရှိအနေအထားတွင် ကုန်ဈေးနှုန်းကြီးမြင့်နေခြင်းက မီးတောင်ကိုမြုံနေစေသလိုဖြစ်နေသည်။

မနီလာမြို့နေ ရုဇ်အီဒင်က ယမန်နှစ်က တစ်ကီလို ဂရမ်လျှင် ပီဆို ၈၀ သာပေးရသော ခရမ်းချဉ်သီးမှာ ယခု ပီဆို ၁၄၀ နှင့် ဝယ်စားနေရကြောင်း ညည်းပြသည်။ 

“ကျွန်မတတ်နိုင်တာကတော့ တက်လာတဲ့ ကုန်ဈေးနှုန်းတွေကို လျှော့သုံးပြီး ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ရတာပဲ။ သဘောကတော့ လျှော့စားပေါ့။ အဖျော်ယမကာတွေ ဈေးတက်တော့ ဝယ်မသောက်တော့ဘူးပေါ့”ဟုဆိုသည်။

ပြည်သူတွေကတော့ ခံနိုင်သမျှ သည်းခံပြီးနေကြရမည်သာဖြစ်သည်။

(Ref: South China Morning Post)