News

POST TYPE

POPULAR POST

ကျည်​ဆန်ထောင်ချီ မှောင်​ခို​ထုတ်​သူ Scorpion ဂိုဏ်းသားဟောင်းတစ်ဦး ဖမ်းမိ၊ စစ်​​ဆေး​ချက်အရ တပ်​မ​တော်​မှ ဗိုလ်​ကြီးတစ်​ဦး ထပ်မံပါဝင်
04-Oct-2018

ရန်​ကုန်​၊ ​အောက်​တိုဘာ ၃

လှည်းကူးမြို့နယ်​၊ ဇရပ်​ကွင်းကျေးရွာနှင့် လှိုင်သာယာမြို့နယ်​ FMI အိမ်​ရာဝင်းတို့၌ ကျည်ဆန်​ထောင်ချီ ဖမ်းဆီးရမှုတွင် တရုတ်ပြည်​နယ်​စပ်​ရှိ မူဆယ်​သို့ ကျည်ဆန်မှောင်ခိုတင်​သွင်းနေသည့်အဖွဲ့မှ Scorpion ဂိုဏ်းဝင်ဟောင်းတစ်​ဦးကို ရဲတပ်​ဖွဲ့က ဖမ်းဆီးရမိထားပြီး စစ်ဆေးခဲ့ရာ ​တပ်​မ​တော်​မှ ဗိုလ်​ကြီးတစ်ဦး ပါဝင်​​နေ​သည်​ဟု ထွက်ဆိုထားကြောင်း စုံစမ်း​စစ်ဆေးချက်များအရ သိရသည်​။

ဖမ်းဆီးမိသူ Scorpion ဂိုဏ်းဝင်ဟောင်း ဇော်​​ဇော်​ထက်​လူမှာ လှိုင်သာယာမြို့နယ်​ရှိ FMI City အိမ်​ရာဝင်းတွင်​ ​နေထိုင်​သူဖြစ်​ပြီး ​အောက်​တိုဘာ ၁ ရက်​​နေ့က ၎င်းမောင်းနှင်လာသည့် မာစီဒီးယာဉ်ကို စမ်း​ချောင်းမြို့နယ်​ ဦးဝိစာရလမ်းရှိ ပြည်​ဂါးဒန်းအိမ်​ရာဝင်​​ပေါက်​အနီးတွင် ရဲတပ်​ဖွဲ့က ပိတ်​ဆို့ဖမ်းဆီး၍ တိုင်း​ဒေသကြီးရဲတပ်​ဖွဲ့မှူးရုံးထံ​ခေါ်ဆောင်​စစ်​​ဆေးခဲ့ရာ တပ်​မ​တော်​မှ ဗိုလ်​ကြီးတစ်ဦး ပါဝင်​​နေ​သည်​ဟု ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

၎င်းနေထိုင်​သည့် FMI City အိမ်​ရာဝင်းရှိ ​နေအိမ်​ကို စစ်​​ဆေးရာမှ ၇.၆၅ မမ အမျိုးအစားကျည်​ အ​တောင့် ၁၀၀ ကို သိမ်းဆည်းရမိခဲ့သည်​။

ကျည်​ဆန်များနှင့်အတူ ဖမ်းဆီးခံရသူ ​ဇော်​​ဇော်​ထက်​လူမှာ White Scorpion ခရီးသွားကုမ္ပဏီတွင်​ ၁၉၉၃ ခုနှစ်​က ရုံးလုပ်ငန်း ဆိုင်​မန်နေဂျာအဖြစ်လုပ်ကိုင်ခဲ့ပြီး ၂၀၀၁ ခုနှစ်​က တပ်​မ​တော်​​ထောက်​လှမ်းရေး (၇) က Scorpion ဂိုဏ်းကို ဖမ်းဆီးအ​ရေးယူချိန်တွင်​ ၄င်းမှာ ပါဝင်​လာခဲ့ပြီး အ​ရေး​ပေါ် စီမံမှု အက်​ဥပ​ဒေပုဒ်​မ ၅(ဃ)/၆ ဖြင့် စစ်​ခုံရုံးတွင်​ စစ်​​ဆေးခံရကာ ​ထောင်​ ၁၂ နှစ်​ကျခံ​စေရန်​ အမိန့်ချမှတ်ခံခဲ့ရသောလည်း လွတ်​ငြိမ်းချမ်းသာမှု​ကြောင့် ၂၀၁၂ ခုနှစ်​ဇွန်​လတွင်​ ​ထောင်​ကပြန်​လည်​လွတ်​​မြောက်​ပြီး​နောက်​ ကားဝယ်​​ရောင်းလုပ်​ငန်းကို လုပ်​ကိုင်​ခဲ့ကြောင်း စစ်​​ဆေး​ပေါ်ပေါက်​ခဲ့သည်​။

ကားဝယ်ရောင်းလုပ်​ကိုင်နေစဉ် ဇော်ဇော်ထက်လူမှာ မြဝတီဘက်မှ လိုင်စင်မဲ့ကားများကို တစ်စစီပြောင်း၍ အသွင်ပြောင်းကာ ရန်ကုန်သို့ တင်သွင်းခဲ့ရာ မဲဆောက်မှ မြဝတီသို့ လိုင်စင်မဲ့ကားများ ပို့ဆောင်ရာတွင် အဆင်ပြေစေရန် ကရင်လူမျိုး ထိုင်းစကားကျွမ်းကျင်က မူဆယ်မြို့ရှိ ကာဆီနိုထောင်ထားသည့် ပြည်သူ့စစ်အဖွဲ့ ကောင်းခါးနဲ့ လုံထန်က အဖွဲ့ဝင်နှစ်ဦးနှင့် မိတ်ဆက်ပေးခဲ့ရာ အဆိုပါ အဖွဲ့နှစ်ဖွဲ့မှာ ယင်းအဖွဲ့၏ ၉ မမ ကျည်ဆန်များ ဝယ်ယူလိုနေကြောင်းကို သိရှိခဲ့ရသည်။

ယင်းကျည်ဆန်များ ပို့ဆောင်ရန် ငွေကြေးအခက်ခဲဖြစ်နေသည့် ဇော်ဇော်ထက်လူမှာ ယောက်ဖဝမ်းကွဲတော်စပ်သူ ဗိုလ်ကြီး၏အကူအညီဖြင့် ကျည်ဆံများ မှောင်ခိုတင်သွင်းခဲ့ပြီး ယင်းကျည်ဆန်များကို ဝယ်လိုသူမှာ မူဆယ်မြို့ရှိ ကောင်းခါးနဲ့ လုံထန် ပြည်သူ့အဖွဲ့ဝင်နှစ်ဦးဖြစ်ကြောင်း ကနဦးစစ်ချက်အရ စုံစမ်းသိရှိရသည်။

လက်ရှိစစ်ဆေးပေါ်ပေါက်ချက်အရ ထိုင်းနိုင်ငံဘက်မှ ကျည်ဆံမှောင်ခိုကို တရုတ်ပြည်သို့ ပို့ဆောင်ရန် စီစဉ်နေချိန်တွင် တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်ထားပြီဖြစ်ပြီး မည်မျှမှောင်ခိုလုပ်ငန်း အောင်မြင်ခဲ့မှုကိုမူ သက်ဆိုင်ရာက ဆက်လက်စုံစမ်းလျက်ရှိသည်။

S-03