News

POST TYPE

POPULAR POST

ရန်ကုန်တွင် နိုင်ငံခြားအရက် အရောင်းဆိုင်များကို ရောင်းချခွင့်ပိတ်
03-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၂

ရန်ကုန်တိုင်းဒေသကြီးအတွင်း တွင် နိုင်ငံခြားဖြစ်အရက်များ လက်လီ လက်ကားရောင်းချနေသောလုပ်ငန်း များကို ဆက်လက်ရောင်းချခြင်းမပြုလုပ် ရန် အစိုးရက ညွှန်ကြားလိုက်ကြောင်း အဆိုပါလုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။

ဈေးကွက်အတွင်းတွင် တရားမဝင် နိုင်ငံခြားအရက်များနှင့် နိုင်ငံခြားအရက်အတုများ ဝင်ရောက်မှုများပြားနေသည့်ကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံခြားဖြစ် အရက်ရောင်းချသည့် လုပ်ငန်းရှင်များကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက စက်တင်ဘာလကုန်ပိုင်းတွင် ခေါ်ယူသတိပေးခဲ့ပြီး နိုင်ငံခြားအရက်ရောင်းချပါက ဖမ်းဆီးအရေးယူမည်ဟု အသိပေးခဲ့ကြောင်း အဆိုပါလုပ် ငန်းရှင်များထံမှ သိရသည်။

“အစိုးရက နိုင်ငံခြားဖြစ်အရက်ကို ပြည်ပက တင်သွင်းခွင့်ကို သေချာခွင့်ပြုပေးထားတာမဟုတ်ဘူး။ သူတို့ပြောသလို တရားမဝင်တင်သွင်းထားတဲ့ဟာတွေ ဖမ်းမယ်ဆိုရင် ရန်ကုန်မှာ ဆိုင်တွေရောင်းနေတာတွေ အကုန်နီးပါးက တရားမဝင်တာတွေချည်းပဲ။ ဟိုတယ်တွေကိုယ်တိုင်က ဒီလိုဆိုင်လေးတွေကပဲ နိုင်ငံခြားအရက်တွေ ပြန်ဝယ်နေရတာ” ဟု Myanmar Bartenders Association မှ ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းအေးက ပြောကြားသည်။

အစိုးရအနေနှင့် တရားမဝင်အရက်ဝင်ရောက်မှုကို ဆိုင်များကို ပိတ်သိမ်းသည့်နည်းလမ်းဖြင့် ဖြေရှင်းခြင်းသည် အဆိုပါဆိုင်များမှ အစိုးရသို့ ပေးသွင်းနေသောအခွန်ငွေများ ဆုံးရှုံးမည့်အပြင် အခြားဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများပေါ်တွင်လည်း ရိုက်ခတ်မှုများဖြစ်လာနိုင်ပြီး နိုင်ငံခြားဖြစ်အရက်များကို ပြည်ပမှ တရားဝင်တင်သွင်းခွင့်ကို စည်းမျဉ်းစည်းကမ်းဖြင့်ခွင့်ပြုခြင်းသည် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

နိုင်ငံခြားအရက်ရောင်းချမှုများကို တားမြစ်လိုက်ခြင်းကြောင့် ကြုံတွေ့ရမည့် အခက်အခဲများ၊ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲပြဿနာများနှင့် ပတ်သက်ပြီးလုပ်ငန်းရှင်များက အောက်တိုဘာလ ၁ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Chatrium Hotel ၌ မီဒီယာများနှင့် တွေ့ဆုံပြောကြားခဲ့ကြသည်။

လက်ရှိအချိန်တွင် နိုင်ငံခြားဖြစ်အရက်များဆိုင်အတွင်း သောက်သုံးရောင်းချခွင့်လိုင်စင် FL 17 ရရှိထားသောစားသောက်ဆိုင်များ၊ Bar များပါဝင်သည့် လုပ်ငန်းများကို ညွှန်ကြားမှုမရောက်သေးကြောင်း၊ FL 12 လိုင်စင်ရရှိထားသည့် စတိုးဆိုင်များနှင့် မီနီမတ်များကိုသာ ရောင်းချခွင့်ရပ်ဆိုင်းထားမည်ဟု ကြားသိရကြောင်း မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနေလင်းက ပြောကြားသည်။

“အခုကတော့ သို့လောသို့လောပေါ့။ ကျွန်တော်တို့ အသင်းကိုရော၊ ဆိုင်တွေကိုရော တရားဝင်ညွှန်ကြားစာ မရောက်သေးဘူး။ အရက်အတုတွေ ဈေးကွက်ထဲရောက်တာကို ထိန်းချုပ်ဖို့ ဒီလိုလုပ်တာဆိုရင် လွဲမှားနေတဲ့လုပ်ရပ်တစ်ခုပဲ” ဟု ၎င်းက ပြောဆိုသည်။

ယင်းသို့လုပ်ဆောင်စဉ်မှုသည် နိုင်ငံခြားဖြစ်အရက်အတု လုပ်ဆောင်နေသော အရက်အတုဈေးကွက်ကို ပိုမိုအားပေးနေသည့် ပုံစံမျိုးဖြစ်သွားကြောင်း၊ တရားဝင်တင်သွင်း၍ အခွန်ပေးဆောင်ပြီး လုပ်ဆောင်နေသော လုပ်ငန်းရှင်များကို လုပ်ငန်းလုပ်ကိုင်ရန် ခက်ခဲအောင်လုပ်ဆောင်လိုက်ခြင်းဟု ထင်မြင်ရကြောင်း ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

“အခုလို နိုင်ငံခြားသားခရီးသွားတွေ ပိုမိုဝင်ရောက်အောင်လုပ်ဆောင်နေတဲ့အချိန်မှာ ဒီလိုလုပ်ရပ်ကြီးက တော်တော်ကို လွဲမှားတာကြီး။ တခြားနိုင်ငံတွေမှာလည်း အခွန်ကို ပိုမိုတင်းတင်းကျပ်ကျပ် ကောက်တာပဲ ရှိတယ်။ ပိတ်ပစ်တာမရှိဘူး”ဟု ၎င်းက ပြောဆိုသည်။

ယင်းသို့ FL 17 နှင့် FL 12 လိုင်စင်ရရှိထားသောလုပ်ငန်းများကို နိုင်ငံခြားဖြစ်အရက်ရောင်းချခွင့် ရပ်ဆိုင်းမည်ဆိုသည့် မည့်သည်ညွှန်ကြားချက်မျှ ရရှိထားခြင်းမျိုး မရှိသေးကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးအချို့ထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးများနှင့် တိုင်းအထွေထွေအုပ်ချုပ်ရေးမှူးရုံးများ ထံတယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ယင်းကိစ္စကို အတည်ပြုပြောကြားပေးမည့် တာဝန်ရှိသူမရှိသေးကြောင်း တာဝန်ကျဖုန်းလက်ခံဖြေကြားသူများက ပြောကြားသည်။

လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ယစ်မျိုးလိုင်စင်ကိုင်ဆောင်ထားသည့် တရားဝင်ဆိုင်ပေါင်း ၂၂၀၀ ခန့်ရှိသည်။ 

J-01