News

POST TYPE

POPULAR POST

အဓမ္မပြုကျင့်ပြီးနောက် အမျိုးသမီးဖြစ်သူကို စီရော်နယ်ဒို တောင်းပန်ခဲ့ကြောင်း အထောက်အထားများ ထွက်ပေါ်
01-Oct-2018


တူရင်၊ အောက်တိုဘာ ၁

ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ကက်သရင်း မာယော်ဂါအမည်ရ အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့ပြီးနောက် မိနစ်အတန်ကြာ တောင်းပန်စကားပြောကြားခဲ့ကြောင်း သက်သေခံစာရွက်စာတမ်း အထောက်အထားများ ထွက်ပေါ်လာသည့်အတွက် အရှက်တကွဲဖြစ်ရမည့်အခြေအနေကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

စီရော်နယ်ဒိုသည် ၂၀၀၉ ခုနှစ် နွေရာသီကာလတွင် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်ခရီးသွားရောက်ခဲ့စဉ်၌ ယင်းပြစ်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တိုင်သည်အထိ စီရော်နယ်ဒို၏အကျိုးဆောင်ကိုယ်စားလှယ်များက ယင်းကိစ္စမှာ ဟုတ်မှန်ခြင်းမရှိကြောင်း ငြင်းဆိုနေကြဆဲဖြစ်သည်။

စီရော်နယ်ဒိုသည် လတ်စ်ဗီးဂတ်စ်မြို့သို့ ၎င်း၏ယောက်ဖနှင့် ၎င်း၏ညီတစ်ဝမ်းကွဲတို့ကို ခေါ်၍ သွားရောက်ခဲ့ခြင်းဖြစ်ပြီး မာယော်ဂါမှာ ရိန်းညကလပ်တွင် ကိုယ်ဟန်ပြမယ်အဖြစ် အသက်မွေးဝမ်းကျောင်းပြုသူဖြစ်ကြောင်း၊ စီရော်နယ်ဒိုက သူမရှိရာ ညကလပ်သို့ရောက်လာခဲ့စဉ်တွင် တွေ့ဆုံရင်းနှီးခဲ့ခြင်းဖြစ်ကြောင်း ထွက်ပေါ်လာသော အထောက်အထားများက ညွှန်းဆိုထားသည်။

စီရော်နယ်ဒိုသည် ၎င်းငှားရမ်းနေထိုင်သည့်ဟိုတယ်အခန်းနံပါတ် ၅၇၃၀၆ သို့ မာယော်ဂါနှင့် သူမ၏သူငယ်ချင်းတစ်ဦးကို အလည်လိုက်ရန် ခေါ်ဆောင်ခဲ့ပြီးနောက် မာယော်ဂါက ရေချိုးခန်းအတွင်း ၀င်ရောက်၍ အ၀တ်အစားလဲလှယ်နေချိန်တွင် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကာ မာယော်ဂါက အလိုမတူကြောင်း ငြင်းဆန်နေသည့်ကြားကပင် စီရော်နယ်ဒိုမှာ အတင်းအကျပ် အဓမ္မပြုကျင့်သွားခဲ့ခြင်းဖြစ်ကြောင်း မာယော်ဂါ၏ရှေ့နေများက စွပ်စွဲထားကြသည်။

စီရော်နယ်ဒိုသည် ယင်းသို့ အဓမ္မပြုကျင့်ပြီးချိန်တွင် မာယော်ဂါကို ဒူးထောက်တောင်းပန်ကာ ၎င်းမှာ လူကြီးလူကောင်းတစ်ယောက်ဖြစ်ကြောင်း၊ စိတ်မထိန်းနိုင်လိုက်၍ ယခုကဲ့သို့ပြုမူလိုက်မိခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး သုံလလျှင်တစ်ကြိမ် ပုံမှန်ဆေးစစ်မှုခံယူနေရသော အားကစားသမားဖြစ်၍ ၎င်းတွင် မည်သည့်ရောဂါမျှ မရှိကြောင်းလည်း စီရော်နယ်ဒိုက သူမကို အသိပေးခဲ့ကြောင်း မာယော်ဂါက ပြောကြားထားသည်။

မာယော်ဂါသည် ယင်းနောက်တွင် ဆေးရုံတစ်ခုသို့ သွားရောက်၍ အဓမ္မပြုကျင့်ခံရသည့် သက်သေခံအထောက်အထားများ လုပ်ဆောင်ကာ စီရော်နယ်ဒိုထံသို့ ပေးပို့လိုက်ပြီး စီရော်နယ်ဒိုမှာ ၂၀၁၀ ပြည့်နှစ်တွင် ၎င်း၏ရှေ့နေများကတစ်ဆင့် ငွေပမာဏ ပေါင် ၂၈၇,၀၀၀ ကို နှုတ်ပိတ်ခအဖြစ် သူမအား ပေးအပ်ကာ အဖြစ်အပျက်အားလုံးကို မေ့ပစ်လိုက်ရန် ဆွေးနွေးခဲ့ကြောင်းလည်း မာယော်ဂါက ရှင်းပြထားသည်။