News

POST TYPE

POPULAR POST

စည်ပင်သည် ဖိလစ်ပိုင်သမ္မတ မဟုတ်၍ အကုန်လုံးကို မစွမ်းဆောင်နိုင်ဟု ရန်ကုန်မြို့တော်ဝန် ပြောကြား
11-Oct-2016
ရန်ကုန်၊ အောက်တိုဘာ ၁၁

စည်ပင်သာယာရေး ဌာနသည် ဖိလစ်ပိုင်သမ္မတ မဟုတ်၍ ကိစ္စအားလုံးကို စွမ်းဆောင်နိုင်ခြင်း မရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

ရန်ကုန်မြို့တော်အတွင်း ပလက်ဖောင်းများတွင် ဈေးသည်များ ပိတ်ဆို့ရောင်းချခြင်း၊ ယဉ်များ စည်းကမ်းမဲ့ ရပ်နားခြင်းတို့ကြောင့် ခရီးသွားပြည်သူများ သွားလာရ ခက်ခဲမှုများနှင့် ပတ်သတ်ပြီး အောက်တိုဘာ ၁၀ ရက်က ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းသည့် မေးခွန်းများကို ၎င်းက အထက်ပါအတိုင်း ဖြေကြားခြင်း ဖြစ်သည်။

ယင်းကိစ္စရပ်များ အားလုံးကို ဖြေရှင်းနိုင်ရန် စည်ပင်တစ်ခုတည်း၌ အာဏာမရှိကြောင်း အခြားဌာနများနှင့် ပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပြီး စည်ပင်တစ်ခုတည်း မတတ်နိုင်ကြောင်း မြို့တော်ဝန်က ဆိုသည်။

လမ်းဘေးဈေးသည်များကို ပလက်ဖောင်းပေါ်မှ အရေးယူသော်လည်း တရားရုံးပို့၍ တရားစွဲရာတွင် တရားခံခေါ်ရန် ခက်ခဲနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“စည်ပင်သည် ဖိလစ်ပိုင်သမ္မတ မဟုတ်ပါဘူး။ စည်ပင်သည် လိုအပ်ချက်ကို ဖြည့်ဆည်းပေးရမှာပဲ ဖြစ်ပါတယ်။ သို့သော် ဈေးမရှိတဲ့အတွက် လမ်းဘေးပေါ် တက်ရောင်း၊ ကားရပ်စရာ မရှိတဲ့အတွက် ကားတွေ လမ်းပေါ်ရောက်နေတာပါ” ဟု ၎င်းက ဆိုသည်။

ယင်းသို့ ဖြေကြားမှုနှင့် ပတ်သတ်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်က စည်ပင်သာယာ ဥပဒေတွင် ပါဝင်သည့် ပုဒ်မများသည် ရဲအရေးပိုင်ကြောင်း ယခုကဲ့သို့ ဈေးသည်များ ပိတ်ဆို့ရောင်းချခြင်း၊ ပလတ်ဖောင်းတွင် လုပ်ငန်းများ လုပ်ကိုင်နေခြင်းတို့ကြောင့် ပြည်သူများ ဒုက္ခရောက်နေကြောင်း ပြောကြားသည်။
“ဒီလို ဥပဒေ ချိုးဖောက်နေတာကို တစ်စုံတရာ စီမံဆောင်ရွက်ပေးဖို့ကို မေးခွန်းမေးရတာပါ” ဟု ၎င်းက လွှတ်တော်တွင် ပြန်လည်မေးခွန်းထုတ်ခဲ့သည်။