News

POST TYPE

POPULAR POST

ပြည်နှင့် တောင်ငူမြို့ကို အာဆီယံအသန့်ရှင်းဆုံး ခရီးသွားမြို့တော်အဆင့် ဝင်ပြိုင်ရန် လုပ်ဆောင်မည်
26-Sep-2018


ပြည်၊ စက်တင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်မြို့နှင့် တောင်ငူမြို့တို့ကို အာဆီယံအဆင့်အသန့်ရှင်းဆုံး ခရီးသွားမြို့တော်အဆင့် ဝင်ရောက်ယှဉ်ပြိုင်ရန်လုပ်ဆောင်မည်ဖြစ်ကြောင်း ပြည်မြို့၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။

စက်တင်ဘာ ၂၄ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ်၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ပြည်မြို့အပါအဝင် ခရီးသွားလုပ်ငန်းဖွံဖြိုးရန် အလားအလာရှိသော ပဲခူးတိုင်းအတွင်းရှိ မြို့ကြီးများကို ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရေးအတွက် မည်ကဲ့သို့ဆောင်ရွက်ထားကြောင်း မေးမြန်းမှုအပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေက ယင်းသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

“၂၀၁၈ မှာတုန်းက မြန်မာနိုင်ငံက သုံးမြို့ဆုရခဲ့တယ်။၂၀၂၀ ဇန်နဝါရီလ ဘရူနိုင်းနိုင်ငံမှာကျင်းပမယ့် ဒုတိယအကြိမ် အာဆီယံအသန့်ရှင်းဆုံး ခရီးသွားမြို့တော်အဆင့် ဆုရရင် ကြော်ငြာစရာမလိုတော့ဘဲနဲ့ ခရီးသွားဝင်နှုန်းတွေ တိုးတက်လာပြီး ဒေသလည်းဖွံဖြိုးလာမယ်။ ပဲခူးတိုင်းအတွင်းမှာက မြို့တွေအများကြီး ဝင်ပြိုင်လို့ရတာရှိတယ်”ဟု ဦးကျော်ဇေယျက ဆိုသည်။ 

လတ်တလောပြည်နှင့် တောင်ငူနှစ်မြို့ကို လိုအပ်သည့် သတ်မှတ်ချက်များပြည့်မီရန် ဌာနဆိုင်ရာများပူးပေါင်းဆောင်ရွက်နိုင်ရန် လမ်းညွှန်ထားသည်ဟု ဝန်ကြီးက ဖြေဆိုခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အာဆီယံအဆင့် ခရီးသွားမြို့တော်အဆင့်ဝင်သွားရင် နိုင်ငံခြားသားလည်ပတ်မှုများလာမယ်။ ဒေသခံတွေအတွက်ပိုအကျိုးရှိလာမယ်”ဟု ပြည်ဒေသခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုပြောဆိုသည်။

အာဆီယံအသန့်ရှင်းဆုံး ခရီးသွားမြို့တော်အဆင့် ဝင်ရန်အချက် ၁၀၈ ချက်ရှိပြီး ၅၄ ချက်နှင့် ညီညွတ်ပါက ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိပြီး ၎င်းတို့မှာ သန့်ရှင်းရေးဆိုင်ရာ၊ မြိုပြစီမံကိန်း၊ သဘာဝပတ်ဝန်းကျင်၊ အစားအသောက် ဘေးအန္တရယ်ကင်းရှင်းရေးနှင့် လုံခြုံရေးဆိုင်ရာအချက်အလက်များ ပါဝင်သည်။

၂၀၁၈ ခုနှစ် အာဆီယံအသန့်ရှင်းဆုံး ခရီးသွားမြို့တော်အဆင့် ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကလော၊ ပုဂံနှင့် ပြင်ဦးလွင်မြို့တို့မှာ ဆုရရှိခဲ့ပြီး ယခုအခါ ပြည်နှင့်တောင်ငူမြို့တို့ကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် လုပ်ဆောင်နေကာ ပြည်မြို့တွင် နှစ်ပေါင်း နှစ်ထောင်ကျော်သက်တမ်းရှိ ရှေးဟောင်းဇုန် ပျူမြို့ဟောင်းရှိသည်။ 

M-06


  • VIA