News

POST TYPE

POPULAR POST

ရွှေနှင့်ဒေါ်လာ ဈေးကစားနေသူအချို့ကို ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ခေါ်ယူမေးမြန်း
26-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၂၅

ရန်ကုန်မြို့အတွင်းရှိ ရွှေနှင့် ဒေါ်လာဈေးကွက် ကစားနေသူအချို့ကို ဒုတိယ မြောက်နေ့အဖြစ် ဆက်လက်ခေါ်ယူ မေးမြန်းနေသော်လည်း အရေးယူထားမှု တစ်စုံတစ်ရာမရှိကြောင်း အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စသုံးလုံး) မှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးက ပြောကြားသည်။

“ဒေါ်လာသန်းနဲ့ချီပြီး နောက်ကွယ်က ဈေးကစားနေသူတွေကို ဖော်ထုတ်နိုင်အောင် စိစစ်မေးမြန်းမှုတွေ ဆောင်ရွက်နေတယ်၊ ဘယ်နှဦးကို ခေါ်စစ်မယ် ဘယ်သူတွေ ပါလာမယ် ဆိုတာတော့ on going case မို့ လတ်တလောပြောပြလို့ မရသေးဘူး”ဟု ၎င်းက ဆိုသည်။

ရွှေနှင့် ဒေါ်လာဈေးကစားမှုနှင့် ပတ်သက်ပြီး လူပုဂ္ဂိုလ်အချို့ကို စသုံးလုံးက ခေါ်ယူစစ်ဆေးမေးမြန်းမှုမှာ ယခု အစိုးရလက်ထက်တွင် ပထမဆုံးအကြိမ် ဖြစ်ပြီး ယခင်အစိုးရလက်ထက်တွင်လည်း ယင်း ဈေးကစားမှုနှင့် ပတ်သက်၍ စသုံးလုံးက ရံဖန်ရံခါ လူအချို့ကို ခေါ်ယူစစ်ဆေးမေးမြန်းကာ သတိပေးမှုများ ဆောင်ရွက်ခဲ့ရကြောင်း ယင်းဌာနထံမှသိရသည်။

စက်တင်ဘာလ ၂၄ ရက်က စတင်ပြီး ရွှေနှင့်ဒေါ်လာ ဈေးကစားနေသူအချို့ကို စသုံးလုံးက ခေါ်ယူစစ်ဆေးမှု စတင်ခဲ့ပြီး နောက် မဂိုလမ်း (ခေါ်) ရွှေဘုံသာလမ်း ပလက်ဖောင်းပေါ်ရှိ တရားမဝင် ဒေါ်လာ လေပတ်ကားဈေးကွက်မှာ ယာယီရပ်ဆိုင်းသွားကြောင်း ယင်းလမ်းတွင် နေထိုင်သူများထံမှ စုံစမ်းသိရသည်။

“ငွေလဲဒိုင်တွေ မတွေ့မိတော့ဘူး၊ ပြေးကုန်ပြီထင်တယ်၊ ဈေးဆွဲတင်နေတဲ့ လက်ကြီးဒိုင်တွေကို ခေါ်စစ်ဆေးတာမျိုးတော့ အခုထိ မကြားမိသေးဘူး”ဟု ရွှေဘုံသာလမ်းတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောဆိုသည်။

ဒေါ်လာဈေးကွက်နှင့်အတူ ရွှေဈေးကွက်မှာလည်း ဈေးကစားနေသောကြောင့် စသုံးလုံးက စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေပြီး လက်ရှိ ရွှေကုန်သည် အချို့မှာ တိမ်းရှောင်နေကြောင်း ရဲအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။ 

S-03



  • VIA