News

POST TYPE

POPULAR POST

ရန်ကုန်လိုင်စင်ထုတ်ပေးမည့် လျှပ်စစ်ကားများ အောက်တိုဘာလကုန် စရောင်းမည်
26-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၂၅

တရုတ်ကုမ္ပဏီ Yue Di နှင့် ပြည်တွင်းကုမ္ပဏီ Khaing Khaing Sangda Motorcar KSD ကုမ္ပဏီလီမိတက်တို့ ဖက်စပ်ထုတ်လုပ်သော ကျပ်သိန်း ၁၀၀ ကျော်တန်နှင့် ကျပ်သိန်း ၁၀၀ အောက် လျှပ်စစ်မော်တော်ကားနှစ်မျိုးကို အောက်တိုဘာလကုန်တွင် ဈေးကွက်အတွင်း စတင်ရောင်းချမည်ဖြစ်ကြောင်း Khaing Khing Sangda Motorcar ကားစက်ရုံ၏ အုပ်ချုပ်မှုဒါရိုက်တာ Mr.Yu Jian Chen က ပြောကြားသည်။

ဈေးကွက်သို့ ထုတ်ရောင်းချမည့် လျှပ်စစ် (ဘက်ထရီ) ကားများမှာ လူငါးယောက် စီးနင်းနိုင်မည်ဖြစ်ပြီး KSD- V1 ကားအမျိုးအစားကို ကျပ်သိန်း ၁၄၀ (လိုင်စင်ပါအပြီးအစီး) နှင့် KSD-V2 ကားအမျိုးအစားကို ကျပ် ၉၁ သိန်း (လိုင်စင်ပါအပြီးအစီး) ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကားဘက်ထရီကို အားပြန်ဖြည့်ဖို့ ၂၂၀ ဗို့အားရှိတဲ့ အိမ်သုံးလျှပ်စစ်နဲ့ အားပြန်သွင်းလို့ရတယ်။ မြို့တွင်းရော၊ မြို့ပြင်ရော မောင်းနှင်နိုင်အောင် ထုတ်လုပ်ပေးထားတယ်။ လမ်းမှာ ဘက်ထရီအားနည်းနေပြီဆိုရင် ဆီထည့်ပြီး ကားရဲ့ဘက်ထရီကို အားဖြည့်ပေးနိုင်တဲ့ စက်ပါပါမယ်”ဟု ၎င်းက ရှင်းပြသည်။

KSD-V1 ကားအမျိုးအစားသည် တစ်နာရီလျှင် ၈၀ ကီလိုမီတာအမြန်နှုန်းဖြင့် မောင်းနှင်နိုင်မည်ဖြစ်ပြီး အားအပြည့်ရှိနေပါက ကီလိုမီတာ ၈၀၀ အကွာအဝေးအထိ သွားနိုင်မည့်အပြင် အလေးချိန်အနေနှင့်လည်း ၁၄၆၀ ကီလိုဂရမ် သယ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ KSD-V2 ကားအမျိုးအစားသည် တစ်နာရီလျှင် ၅၀ ကီလိုမီတာအမြန်နှုန်းဖြင့် ဘက်ထရီအား အပြည့်ရှိပါက ၁၁၀ ကီလိုမီတာအကွာအဝေးကို မောင်းနှင်နိုင်မည်ဖြစ်ပြီး အလေးချိန်အနေနှင့် ၉၆၀ ကီလိုဂရမ် သယ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ယင်းကားများကို ကုမ္ပဏီက အာမခံ ၅ နှစ်ပေးထားကာ ၅ နှစ်အတွင်း ကား၏ချွတ်ယွင်းမှု ကိစ္စအဝဝကို စက်ရုံကဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှသိရသည်။ 

အဆိုပါ လျှပ်စစ်မော်တော်ကားများ၏ အစိတ်အပိုင်းများကို တရုတ်နိုင်ငံတွင် ထုတ်လုပ်ပြီး ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်ရှိ ကုမ္ပဏီကားစက်ရုံတွင် ပြန်လည်တပ်ဆင် ထုတ်လုပ်သွားမည်ဖြစ်ကာ လာမည့် အောက်တိုဘာလကုန်တွင် အစီးရေ ၂၀၀၀ ကို စတင်ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှသိရသည်။ 

အဆိုပါကားများကို ဝယ်ယူမည်ဆိုပါက ရန်ကုန်လိုင်စင်ရရှိမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

“အဓိက ကျွန်တော်တို့နိုင်ငံမှာ လျှပ်စစ်ကားတွေအတွက် လိုအပ်တဲ့ အခြေခံအဆောက်အဦတွေ ပြည့်စုံပြီလားပေါ့။ သူတို့ကတော့ ဘယ်လောက်ကီလိုမီတာအထိ အသုံးပြုနိုင်တယ်ဆိုပေမယ့် ကိုယ်သွားချင်တဲ့ ခရီးမရောက်ခင်မှာ ဘက်ထရီကုန်သွားမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ နိုင်ငံခြားမှာတော့ စက်သုံးဆီဆိုင်တွေမှာ ဘက်ထရီအားပြန်ဖြည့်လို့ရအောင် တွဲဖွင့်ပေးထားတာတွေရှိတယ်။ ကုမ္ပဏီကရော အားပြန်ဖြည့်လို့ရတဲ့ Power Station တွေကို ဘယ်လိုလုပ်ပေးမလဲပေါ့။ သူ့အတွက် လိုအပ်တာတွေရှိနေပြီဆိုမှ လျှပ်စစ်ကားက တော်တော်အဆင်ပြေမယ်”ဟု မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဒေါက်တာခန့်ဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လောင်စာဆီသုံးစွဲမှု လျှော့ချရန်အတွက် စက်မှုဝန်ကြီးဌာနကလည်း ပြည်တွင်းတွင် လျှပ်စစ်ကားများ ထုတ်လုပ်ရောင်းချရန်အတွက် စီစဉ်လျက်ရှိပြီး ယင်းသို့ထုတ်လုပ်မည့် အစီအစဉ်အတွက် ဟန်ဂေရီနိုင်ငံက လာရောက်ကမ်းလှမ်းမှုများရှိကြောင်း အဆိုပါဝန်ကြီးဌာနထံမှ သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ဂျပန်နိုင်ငံအခြေစိုက် မော်တော်ယာဉ်ကား ကုမ္ပဏီများဖြစ်သည့် ဆူဇူကီးနှင့် နစ်ဆန်ကားကုမ္ပဏီတို့အပါအဝင် နိုင်ငံခြားကုမ္ပဏီ ငါးခုခန့်က မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်လျက်ရှိပြီး ပြည်ပမှ တစ်ဦးချင်းပါမစ် (Free Permit) ဖြင့် တင်သွင်းသည့် မော်တော်ယာဉ်များကို ရန်ကုန်လိုင်စင် ထုတ်မပေးသော်လည်း ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် မော်တော်ယာဉ်များကို ရန်ကုန်တိုင်းအစိုးရက ရန်ကုန်လိုင်စင် ထုတ်ပေးလျက်ရှိသည်။

J-01


  • VIA