News

POST TYPE

POPULAR POST

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးခရီးစဉ် မြန်မာ့ပြည်တွင်းရေးကို ဗြောင်ကျကျ ဝင်စွက်ဖက်ဟု ကြံ့ခိုင်ရေးပါတီ ဝေဖန်
23-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၂၂

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျရယ်မီဟန့်၏ မြန်မာနိုင်ငံခရီးစဉ်သည် ၎င်းအနေနှင့် မြန်မာ့ပြည်တွင်းရေးကို ဗြောင်ကျကျ ဝင်ရောက်စွက်ဖက်ခဲ့သည့်ခရီးစဉ် တစ်ခုဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဝေဖန်လိုက်သည်။

စက်တင်ဘာလ ၂၂ ရက်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက သံလွင်လမ်းရှိ ကြံ့ခိုင်ရေးပါတီရုံးတွင် နိုင်ငံ၏လတ်တလော ပြဿနာများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကျင်းပကာ ဝေဖန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးအနေနှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောဆိုခဲ့သည့်အချက်များသည် နိုင်ငံတော် အချုပ်အခြာအာဏာ၊ ပြည်တွင်းရေးတို့ကို ဗြောင်ကျကျပင် ဝင်ရောက်စွက်ဖက်ရာရောက်ခဲ့ပြီး မြန်မာနိုင်ငံအပေါ် တိတိလင်းလင်း အမိန့်ပေး ဝင်ရောက်စွက်ဖက်ရာ ရောက်ခဲ့ကြောင်း ကြံ့ခိုင်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒာလှမြင့်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ရခိုင်ပြည်မြောက်ပိုင်း ပြဿနာသည် ပြည်တွင်းရေး ပြဿနာတစ်ခုဖြစ်ပြီး ပြည်တွင်းရှိ နိုင်ငံရေးအဖွဲ့အစည်းများ ပြည်သူများ ပူးပေါင်းဖြေရှင်းရမည့် ပြဿနာတစ်ခုဖြစ်ကာ နိုင်ငံခြားသား ပါဝင်နေသည့် ကော်မရှင်များကို ကြံ့ခိုင်ရေးပါတီက တစ်စိုက်မတ်မတ် ကန့်ကွက်ခဲ့သော်လည်း လက်မခံခဲ့သောကြောင့် နိုင်ငံတကာအရေးကဲ့သို့ ပြဿနာကြီးမား လာခြင်းဖြစ်ကြောင်း ဦးနန္ဒာလှမြင့်က ပြောဆိုသည်။

“ဒါကြောင့် အခုလို နိုင်ငံကြီး တစ်ခုရဲ့ နိုင်ငံခြားရေးဝန်ကြီးက ကျွန်တော်တို့ နိုင်ငံကို ပေါ်ပေါ်ထင်ထင် လာရောက်စွက်ဖက်တာဟာ ကျွန်တော်တို့ အနေနဲ့တော့ လုံးဝလက်ခံလို့မရဘူး။ အားလုံးကလည်း အလေးအနက်ထားပြီးတော့၊ သတိထားပြီးတော့စောင့်ကြည့်သွားရမယ့် အနေအထားဖြစ်တယ်။ အချုပ်အခြာအာဏာပိုင် နိုင်ငံတွေဖြစ်တဲ့အတွက် နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဘဲနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံသွားသင့်တယ်”ဟု ၎င်းက ပြောဆိုသည်။

ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဂျရယ်မီဟန့်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည့် တပ်မတော်ခေါင်းဆောင်များကို အရေးယူရမည်ဖြစ်ကြောင်း မြန်မာအစိုးရအပေါ် ဖိအားပေး ပြောဆိုမှုများ ပြုလုပ်ခဲ့ပြီး ကုလသမဂ္ဂတွင် ဆွေးနွေးသွားမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံသို့ စက်တင်ဘာလ ၁၉ ရက်မှ ၂၀ ရက်အထိ လာရောက်ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် မောင်တောဒေသသို့ စက်တင်ဘာလ ၂၀ ရက်က သွားရောက်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ကြံ့ခိုင်ရေးပါတီ တာဝန်ရှိသူများက ယင်းသတင်းစာရှင်းလင်းပွဲတွင် အဆိုပါ ကိစ္စအပါအဝင် ပြည်တွင်းငွေကြေးဈေးကွက် မတည်ငြိမ်မှုများ၊ စီးပွားရေးကျဆင်းမှုများကို ဝေဖန်ပြောဆိုခဲ့သည်။

J-08


  • VIA