News

POST TYPE

POPULAR POST

ပြည်ဆေးရုံ၌ သွေးလိုသူများထံမှ ငွေကြေးလိမ်လည်တောင်းခံသူများရှိ ဟုဆို
21-Sep-2018
ပြည်၊ စက်တင်ဘာ ၂၀

ပြည်ဆေးရုံကြီးအတွင်း ပရဟိတ အဖွဲ့အယောင်ဆောင်ကာ သွေးလိုသည့် လူနာရှင်များကို ငွေကြေးလိမ်လည်တောင်းခံမှု ဖြစ်ပွားခဲ့ကြောင်း ပြည်အခြေစိုက်ပရဟိတ သွေးအလှူရှင်အသင်းများမှ တာဝန်ရှိသူများက ပြောကြားသည်။

နယ်များမှ ဆေးရုံလာတက်ရသည့် လူနာများသွေးလိုအပ်ပါက သွေးတစ်လုံးလျှင် ၄၀၀၀ ကျပ်၊ ၁၂၀၀၀ ကျပ်၊ ၁၅၀၀၀ ကျပ်တို့အထိ လူနာအခြေအနေကြည့်၍ လိမ်လည်တောင်းခံနေခြင်းဖြစ်ကြောင်း အဆိုပါပရဟိတအဖွဲ့များထံမှ စုံစမ်းသိရှိရသည်။

“လုပ်စားတဲ့သူတွေက မနက်ဖြန်လို သွေးလှူဒါန်းမှာသိရင် ဒီလိုနေ့ သွေးလှူဘဏ်ခါတယ်။ အဲဒီမှာ သွေးအလကားသွားယူပြီး မသိတဲ့လူ လိုတဲ့လူတွေကိုရောင်းစားနေတာ”ဟု အဖြူရောင်သစ္စာသွေးလှူအဖွဲ့မှ ကိုနေဇာက ပြောဆိုသည်။

ယင်းကဲ့သို့လိမ်လည်ခြင်းကြောင့် လိုအပ်သည့်လူနာရှင်လည်းထိခိုက်ရပြီး အမှန်တကယ်လုပ်နေသည့် ပရဟိတအဖွဲ့များ၊ ဆေးရုံလည်း နာမည်ပျက်ရကြောင်း၊ ယင်းအတွက် ဥပဒေကြောင်းအရ အရေးယူနိုင်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဆေးရုံတက်တာ ၁၅ ရက်၊ ရက် ၂၀ လောက်ရှိပြီ။ ပြီးခဲ့တဲ့ရက်က သွေးလေးလုံးလိုတာ ပထမတစ်လုံးကို အလကားရှာပေးပြီး နောက်သုံးလုံးအတွက် တစ်လုံးကိုလေးထောင်ရယ် အချိုရည်လေးစုံစာဆိုပြီးတောင်းလို့ တစ်သောင်းနှစ်ထောင်ပေးလိုက်ရတယ်။ အချိုရည်ဖိုးထပ်တောင်းနေတော့ ဆရာမတွေသိသွားပြီး မပေးနဲ့ပေးစရာမလိုဘူးပြောမှ မပေးရတော့တာ”ဟု ရခိုင်ပြည်နယ် ညောင်ကုန်းမှ ဆေးရုံလာတက်၍ သွေးလိုအပ်ပြီး သေဆုံးသွားသည့် မီးနေသည်၏ လူနာရှင် မကြည်လွင်စမ်းက ပြောဆိုသည်။

အဆိုပါ သွေးလိမ်လည်ငွေတောင်းခံနေသည့် ဖြစ်စဉ်မျိုး ပြည်ဆေးရုံတွင် လေးငါးကြိမ်ခန့်ဖြစ်ခဲ့ကြောင်း ပြည်အခြေစိုက် ပရဟိတအဖွဲ့များထံမှ သိရသည်။

“တချို့ပရဟိတအဖွဲ့တွေက ဆေးရုံမှာ သွေးလိုအပ်ရင် ကူညီကြတယ်။ ဒါပေမဲ့ သွေးလှူမယ့်လူသွားခေါ်ဖို့ ဆိုင်ကယ်ကယ်ရီခ တောင်းတာလောက်တော့သိတယ်။ ကယ်ရီခဆိုတာလည်း အလွန်ဆုံး အသွားတစ်ထောင် အပြန်တစ်ထောင်ပေါ့။ ကျွန်တော်တို့အနေနဲ့ အတတ်နိုင်ဆုံး အခမဲ့ဖြစ်အောင်လုပ်ပေးနေတယ်။ အခုလိုလုပ်သွားတာမျိုး မဖြစ်အောင်လုပ်ပေးနေတယ်”ဟု သွေးလှူဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ပြည်ဆေးရုံကြီးသည် ခုတင် ၅၀၀ အထူးကုဆေးရုံကြီးဖြစ်ပြီး ပဲခူးတိုင်း အနောက်ပိုင်း ပြည်ခရိုင်၊ သာယာဝတီခရိုင်နှင့် မကွေးတိုင်းအတွင်းရှိ အောင်လံ၊ ကံမမြို့များ၊ ရခိုင်ပြည်နယ်ရှိ တောင်ကုတ်မြို့စသည့် ပြည်နယ်နှင့် တိုင်းနှစ်ခုမှ လူနာအများစု အဓိကအားထားရသည့် ဆေးရုံလည်းဖြစ်သည်။

M-06



  • VIA