News

POST TYPE

POPULAR POST

ခွင့်ပြုချက်မရှိဘဲအလှူခံသည့် သံဃာတော်များကို ဖော်ထုတ်ရန် စီမံချက်ရေးဆွဲ
21-Sep-2018

မန္တလေး၊ စက်တင်ဘာ ၂၀

မန္တလေးတိုင်းအတွင်း ခွင့်ပြုချက်မရှိဘဲ အလှူခံနေသည့် ရဟန်းသံဃာတော်များကို ပူးပေါင်းအဖွဲ့ဖြင့် ဖော်ထုတ်အရေးယူနိုင်ရန် စီမံချက်ရေးဆွဲထားကြောင်း မန္တလေးတိုင်း သာသနာရေး ဦးစီးဌာနထံမှ သိရသည်။

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့မှနေ၍ တိုင်းသံဃနာယကအဖွဲ့ထံ ညွှန်ကြားထားပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကလည်း သာသနာရေးဦးစီးဌာနများသို့ ညွှန်ကြားထားကြောင်း၊ ထိုညွှန်ကြားချက်အရ ပူးပေါင်းအဖွဲ့ဖြင့် ဖော်ထုတ်နိုင်ရန် စီမံချက်များလည်း ရေးဆွဲထားပြီးဖြစ်ကြောင်း မန္တလေးတိုင်းသာသနာရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးခင်မောင်တင့်က ပြောကြားသည်။

“သာသနာကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးစီးပွားရှာနေတဲ့သူတွေ ပပျောက်သွားမယ်။ သာသနာတော်လည်း သန့်ရှင်းသွားမယ်။ အခုကတော့ စီမံချက်ရေးဆွဲပြီးလို့ တိုင်းသံဃနာယကအဖွဲ့ကို တင်ပြထားတယ်။ သမဏသာရုပ္ပပမဖြစ်တဲ့ သံဃာတွေအရေးယူမယ့်စီမံချက်ပါ”ဟု ၎င်းက ပြောဆိုသည်။

သာသနာတော်သန့်ရှင်းရေးအတွက် သာသနာရေးဦးစီးဌာနများ၊ သံဃာအဖွဲ့အစည်းများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတို့ ပူးပေါင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယင်းစီမံချက်ကို မန္တလေးတိုင်း သံဃနာယကအဖွဲ့က သဘောတူလက်ခံပါက တိုင်းအစိုးရအဖွဲ့ထံ ဆက်လက်တင်ပြမည်ဖြစ်ကြောင်း မန္တလေးတိုင်း သာသနာရေးဦးစီးဌာနထံမှ သိရသည်။

မန္တလေးတိုင်းအတွင်း၌ ၂၀၁၇ ခုနှစ်က ခွင့်ပြုချက်မရှိဘဲ အလှူခံခြင်း၊ ဆိုင်ကယ်မောင်းခြင်း၊ ကားမောင်းခြင်း စသည့် သာသနာတော်ညှိုးနွမ်းစေမှု ဖြစ်စဉ် ၂၈ ခုဖြစ်ပွားခဲ့ပြီး ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၁၈ မှုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း သာသနာရေးဦးစီးဌာန မှတ်တမ်းအရသိရသည်။

M-05