News

POST TYPE

POPULAR POST

မောတောင်နယ်စပ်တွင် အမျိုးသားတစ်ဦးကဓားဖြင့် လိုက်ခုတ်သဖြင့် လူ ၃ ဦး ဒဏ်ရာရ
19-Sep-2018
မြိတ်၊ စက်တင်ဘာ ၁၈

မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ် ပြည်ထောင်စုလမ်းမပေါ်တွင် စက်တင်ဘာလ ၁၇ ရက် မွန်းလွဲတစ်နာရီခန့်က အမျိုးသားတစ်ဦးက ဓားဖြင့်လိုက်ခုတ်သဖြင့် လူ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် မောတောင်နယ်မြေ ရဲစခန်းထံမှသိရသည်။

ကိုင်းခုတ်ဓား (တောခုတ်ဓား) နှင့် ဓားအိမ်ကိုင်ဆောင်ထားသည့် အသက် ၂၇ နှစ်ရှိ အမျိုးသားတစ်ဦးသည် လမ်းလျှောက်နေသည့် အမျိုးသားတစ်ဦးအား ဓားအိမ်ဖြင့်ရိုက်လိုက်ရာ ဝဲဘက်လက်တွင် ဖူးရောင်ဒဏ်ရာရရှိခဲ့ကြောင်း မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောပြသည်။

ထို့အပြင် အနီးအနားရှိ အခြားအမျိုးသားတစ်ဦးအား ကိုင်းခုတ်ဓားဖြင့် လိုက်ခုတ်ရာ ဝဲဘက်ခြေသလုံးတွင် ပြတ်ရှဒဏ်ရာ တစ်ချက်ရခဲ့ပြီး လမ်းလျှောက်လာသည့် အမျိုးသမီးတစ်ဦးအားလည်း ကိုင်းခုတ်ဓားဖြင့် ပြေးခုတ်ရာ ဦးခေါင်းတွင် ၂ လက်မခန့် ပြတ်ရှဒဏ်ရာရရှိခဲ့ကြောင်း မောတောင်နယ်မြေရဲစခန်းမှ သိရသည်။

ဓားဖြင့်လိုက်ခုတ်သူ အမျိုးသားမှာ မူးယစ်ဆေးဝါးသုံးစွဲထားသည့် အနေအထားရှိကြောင်း မောတောင်နေသူတချို့က ထင်ကြေးပေးသည်။

ဒဏ်ရာရရှိခဲ့သူ သုံးဦးအနက် အမျိုးသမီးတစ်ဦးကို မောတောင်ရှိ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးအောင်က ပြောပြသည်။

ဒဏ်ရာရသူအားလုံး စိုးရိမ်ရသည့်အနေအထားမရှိဟု သိရသည်။

ယင်းကဲ့သို့ လမ်းမပေါ်တွင် ဓားဖြင့်လိုက်လံခုတ်သူ အမျိုးသားအား မောတောင် နယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ယင်းရဲစခန်းမှသိရသည်။

Dawei Watch


  • VIA