News

POST TYPE

POPULAR POST

ရန်ကုန်တိုင်းဥပဒေချုပ် အပါအဝင် ဥပဒေအရာရှိများနှင့် တရားသူကြီး ကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်
13-Sep-2018

ရန်ကုန်၊ စက်တင်ဘာ ၁၄

ရန်ကုန်တိုင်အစိုးရအဖွဲ့ဝင် တိုင်းဥပဒေချုပ် ဦးဟန်ထူး၊ တိုင်းဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်နှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ရွှေပေါက္ကံ နယ်မြေစခန်းမှူး (ယခင် သုဝဏ္ဏနယ်မြေစခန်းမှူး) လ ၁၆၆၉၅၄ ရဲအုပ်ချစ်ကိုကို တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူလိုက်သည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄ (က)အရ ရုပ်သိမ်းခွင့်ပြုကြောင်း အမိန့်ချမှတ်ခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ကျော်စောသတင်းအဖြစ်သတ်မှတ်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ အမှုရုပ်သိမ်းခွင့်ပြုသည့်ကိစ္စတွင် တရားလိုပြသက်သေများကို တမင်ပေါ့လျော့စွာ စစ်ဆေးပြီး တရားခံများ ပြစ်မှုကျူးလွန်ကြောင်း တရားလိုပြသက်သေများက ထွက်ဆိုနိုင်ခြင်းမရှိဆိုသည့် အခြေအနေဖြစ်ပေါ်အောင် ဖန်တီးကာ တရားခံများ၏မိဘများထံမှ လာဘ်ငွေနှင့် တံစိုးလက်ဆောင်များ ရယူခဲ့သည့် ရန်ကုန်အရှေ့ပိုင်းခရိုင်ဥပဒေရုံးမှ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒေါ်သစ်သစ်ခင်၏တင်ပြချက်ကို သေချာစွာ စိစစ်ခြင်းမပြုဘဲ လာဘ်ငွေနှင့်တံစိုး လက်ဆောင်များရယူကာ ထောက်ခံတင်ပြခဲ့သည့် ရန်ကုန်အရှေ့ပိုင်းခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေး၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော် (ဥ/၁၈၄၆) တို့အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရလည်းကောင်း၊ အမှုရုပ်သိမ်းခွင့်ကို သုံးသပ်ဆုံးဖြတ်မိန့် ချမှတ်ရာတွင် ပြည့်စုံစွာသုံးသပ်ခြင်းမပြုဘဲ တရားခံ သန်းထွဋ်အောင်၏ဖခင် ဦးခင်မောင်လေးထံမှ လာဘ်ငွေနှင့် တံစိုးလက်ဆောင်များရယူကာ အမှုရုပ်သိမ်းခွင့် ချမှတ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူးအပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရလည်းကောင်း၊ ဒေါ်သစ်သစ်ခင်က တင်ပြလာသည့် အမှုရုပ်သိမ်းခွင့်ကို သုံးသပ်ဆုံးဖြတ်ရာတွင် တရားခံသန်းထွဋ်အောင်၏ဖခင် ဦးခင်မောင်လေးထံမှ လာဘ်ငွေရယူကာ အမှုကို ပြည့်စုံစွာ သုံးသပ်ခြင်းမပြုဘဲ အမှုရုပ်သိမ်းခွင့်ပြုပြီး တရားခံများကို တရားရှင်လွှတ်ခဲ့သည့် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်(တ/၂၄၃၇)အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရလည်းကောင်း အမှုဖွင့်ခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်သည်။

ယင်းအပြင် အမှုစစ်အဖြစ်ဆောင်ရွက်ရာ၌ ရဲလုပ်ငန်းကုန်စင်အောင် ဆောင်ရွက်ခဲ့ခြင်းမရှိသည့်အပြင် မိမိ၏ရာထူးတာဝန်ကို အလွဲသုံးစားပြုပီး တစ်စုံတစ်ရာကိုပြုလုပ်ရန်အတွက် တရားခံသန်းထွဋ်အောင်၏ဖခင်ထံမှ လာဘ်ငွေနှင့် တံစိုးလက်ဆောင်ကို လက်ခံရယူခဲ့သည့် လ ၁၆၆၉၅၄ ရဲအုပ်ချစ်ကိုကိုအပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရလည်းကောင်း အရေးယူဆောင်ရွက်ရန် သုဝဏ္ဏနယ်မြေရဲစခန်းတွင် ယနေ့ (စက်တင်ဘာ ၁၃ ရက်)၌ ပထမ သတင်းပေးတိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။