News

POST TYPE

POPULAR POST

ပျူ ရှေးဟောင်းအဆောက်အအုံအချို့ မိုးကြောင့်ပျက်စီး
12-Sep-2018


ပြည်၊ စက်တင်ဘာ ၁၁

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး ပြည်မြို့အနီးရှိသည့် သရေခေတ္တရာပျူမြို့ဟောင်းရှေးဟောင်း ဇုန်အတွင်း ယခုနှစ်မိုးတွင်းကာလတွင် မိုးများခဲ့မှုကြောင့် ရှေးဟောင်းအဆောက် အအုံအချို့နှင့် ဇုန်ပတ်လမ်းပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ကမ္ဘာ့အမွေအနှစ်ဌာနခွဲ သရေခေတ္တရာဌာနစု ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပြောကြားသည်။

မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြို့ဟောင်းအတွင်း မြို့ရိုးတစ်ခု၏ နေရာအချို့တွင် ရေစိမ့်ကာပျက်စီးခြင်း၊ ရှေးဟောင်းဘာသာရေးအဆောက်အအုံတစ်ခုဖြစ်သည့် ဘုရားထောင်ဘုရား မြောက်ဘက်နံရံအိကျလာခြင်းနှင့် မြေသားလမ်းများဖြစ်သည့် ဇုန်ပတ်လမ်းများပျက်စီးခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း ယင်းဌာနမှ သိရသည်။

“ဒီနှစ်အတွင်းမှာ မိုးတွေတအားကြီးတဲ့အတွက်ကြောင့် လမ်းတွေပျက်တာရှိတယ်။ ဇုန်ပတ်လမ်းတွေပျက်စီးမှုမှာ ဘတ်ဂျက်ကလည်းမရှိတော့ ဌာနက ယောကျာ်းလေးတွေစုပြီး လမ်းပြင်တာတွေကိုပြုလုပ်နေပါတယ်”ဟု ဦးကျော်မျိုးဝင်းက ဆိုသည်။

အဆိုပါ ပျက်စီးမှုများအတွက် နေပြည်တော်ဌာနသို့ တင်ပြထားပြီး ဘုရားထောင်ဘုရား ရှေးဟောင်းအဆောက်အအုံမှာ အကြီးစားပြင်ဆင်မှုများလုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။

မိုးများမှုကြောင့် ဇုန်အတွင်း ရဟန္တာကန်အတက်နေရာ၊ မိဖုရားသင်္ချိုင်းနှင့် ကုန်းအမှတ် (၅၃)၊ ပျူအရိုးအိုးသင်္ချိုင်းသို့ သွားရာနေရာများတွင် ဌာနရှိ ယောကျာ်းလေးများစုစည်းကာ ကိုယ်ထူကိုယ်ထလမ်း ပြင်နေမှုများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း အဆိုပါဌာနထံမှ သိရသည်။ 

ရှေးဟောင်းအဆောက်အအုံ ပျက်စီးမှုကိုပြင်ဆင်ရန် ဘတ်ဂျက်ကို နေပြည်တော်သို့တင်ပြထားပြီး ဘတ်ဂျက်ကျသည့်နှင့် တစ်ပြိုင်နက် ပြင်ဆင်ထိန်းသိမ်းမှုလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းဌာနတာဝန်ရှိသူများထံမှ သိရသည်။

သရေခေတ္တရာမြို့ဟောင်းသည် ပြည်မြို့၏တောင်ဘက် ငါးမိုင်ခန့်အကွာတွင် တည်ရှိပြီး အေဒီ ၄ ရာစုမှ အေဒီ ၉ ရာစုအတွင်း ထွန်းကားခဲ့သောရှေးပျူမြို့ဟောင်းတစ်မြို့ ဖြစ်ကာ မြို့ရိုး၊ ကျုံး၊ နန်းတော်ရာ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ ဒင်္ဂါးများ၊ ဆင်းတုတော်များ၊ ပျူကချေသည်အရုပ်များနှင့် ရွှေပေလွှာများကိုတွေ့ရှိခဲ့ရပြီး မြို့ရိုးပတ်ပတ်လည်မှာ ၈ မိုင် ၅ ဖာလုံရှည်လျားပြီး ဧရိယာ အားဖြင့် ၅ ဒသမ ၅ စတုရန်းမိုင်ကျယ်ဝန်းသည်။

M-06