News

POST TYPE

POPULAR POST

အိန္ဒိယကဝယ်၍ ပဲဈေးဆက်တက်
12-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၁၁

အိန္ဒိယကုန်သည်များက အထူးကုန်စည်ဝယ်ယူခွင့်ဖြင့် ပဲဆက်လက်ဝယ်ယူနေခြင်းကြောင့် ပဲဈေးနှုန်းများ ဆက်လက်မြင့်တက်ကြောင်း ဘုရင့်နောင်ပဲဈေးကွက်အတွင်းမှ သိရသည်။

မြန်မာ့ပဲမျိုးစုံဖြစ်သည့် မတ်ပဲနှင့် ပဲစင်းငုံတို့ကို အိန္ဒိယကုန်သည်များ၏ ဝယ်ယူခွင့်ကို အိန္ဒိယအစိုးရက ဇွန်လ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိသာ ခွင့်ပြုထားသော်လည်း ယင်းကုန်သည်များက အထူးကုန်စည်ဝယ်ယူခွင့်ဖြင့် ယခုရက်ပိုင်းအတွင်း ဆက်လက်ဝယ်ယူနေ ကြခြင်းဖြစ်ကြောင်း အဆိုပါပဲဈေးကွက်အတွင်းမှ သိရသည်။

“ဈေးက ဩဂုတ်လနဲ့စာရင် တက်လာတယ်။ အိန္ဒိယကလည်း သတ်မှတ်ကာလပြည့်ပေမယ့် သူတို့ရဲ့လိုအပ်ချက်ကြောင့် ဆက်ဝယ်နေတယ်။ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နဲ့ နီပေါနိုင်ငံတွေကလည်း ဝယ်နေတယ်” ဟု မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောဆိုသည်။

ထို့ကြောင့် ပဲဈေးကွက်အတွင်း စက်တင်ဘာလဆန်းပိုင်းကထက် မတ်ပဲ တစ်တန်လျှင် ကျပ် ၄၈,၀၀၀ မှ ၆၅,၀၀၀ ကျော်အထိနှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ် ၄၅,၀၀၀ နီးပါးအထိ မြင့်တက်လာပြီး ပုံမှန်အရောင်းအဝယ်ဖြစ်ပေါ်ကြောင်း အဓိကပဲဈေးကွက်ဖြစ်သည့် ဘုရင့်နောင် ပဲဈေးကွက်အတွင်းမှ သိရသည်။

ထို့ပြင် ပြည်ပပို့ သင်္ဘောတင်ဈေးနှုန်းမှာလည်း မြင့်တက်လာပြီး မတ်ပဲတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၅ မှ ၃၀ ခန့်နှင့် ပဲစင်းငုံတစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၀ ခန့်မြင့်တက်ကြောင်း အဆိုပါ ပဲဈေးကွက်အတွင်းမှ သိရသည်။

ဩဂုတ်လအတွင်းက ပြည်ပသို့ တစ်ရက်လျှင် ပဲမျိုးစုံတန်ချိန် ၁၀၀၀ ခန့်သာ တင်ပို့နိုင်ခဲ့ရာမှ ယခုအခါ တစ်ရက်လျှင် တန်ချိန် ၁၅၀၀ မှ ၂၀၀၀ ခန့်အထိ တင်ပို့နိုင်ကြောင်း ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းထံမှ သိရသည်။

လက်ရှိပဲဈေးကွက်အတွင်း မတ်ပဲ (FAQ) တစ်တန်လျှင် ကျပ်ငါးသိန်းကျော်၊ မတ်ပဲ (SQ) တစ်တန်လျှင် ကျပ် ၆၇၀,၀၀၀ ကျော်နှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ် ၄၉၀,၀၀၀ နီးပါးရှိပြီး FOB ဈေးမှာ မတ်ပဲ (FAQ) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၂၀-၃၄၀၊ မတ်ပဲ (SQ) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၃၀-၄၅၀၊ ပဲစင်းငုံတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၁၀-၃၃၀ ဈေးရှိကြောင်း ဘုရင့်နောင်ပဲဈေးကွက်အတွင်းမှ သိရသည်။

လတ်တလောဈေးနှုန်းများ မြင့်တက်နေသော်လည်း ပဲဈေးနှုန်းများမှာ စိုက်ပျိုးစရိတ်အောက်တွင်သာရှိနေပြီး အစိုးရက လာမည့်ပဲစိုက်ရာသီများအတွင်း မတ်ပဲနှင့် ပဲစင်းငုံတို့ကို စိုက်ပျိုးရန်မသင့်သည့် သီးနှံအဖြစ် သတ်မှတ်ထားသည်။

S-04