News

POST TYPE

POPULAR POST

တောင်ငူပညာရေးကောလိပ်ကျောင်းသားများ ဆန္ဒထုတ်ဖော်
12-Sep-2018



တောင်ငူ၊ စက်တင်ဘာ ၁၁

ပြည်တွင်းရှိ ပညာရေးကောလိပ်ကျောင်းများပြီးဆုံးပါက အဝေးသင်တက္ကသိုလ် တတိယနှစ်မှစ၍ တက်ရောက်ခွင့်ပြုရန် စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့နယ် ပညာရေးကောလိပ်ကျောင်းသား ၁၀ ဦးခန့်က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

လက်ရှိပညာရေးကောလိပ် ကျောင်းများမှ ပညာသင်ကြားပြီးသော်လည်း ဘွဲ့မရသေးသည့်အတွက် ဆရာ၊ ဆရာမများအဖြစ် လုပ်ငန်းခွင်သို့ ဝင်ရောက်သည့်အခါ ရာထူးတိုးရန် ခက်ခဲသဖြင့် အဝေးသင်တက္ကသိုလ်သို့ ဆက်လက်တက်ရောက်ရာတွင် ပထမနှစ်မှ စတက်ရခြင်းကို ပယ်ဖျက်ပေးရန် တောင်းဆိုခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ တစ်ပတ် တနင်္လာနေ့က ပညာရေးဝန်ကြီးဌာနကို တောင်းဆိုချက်တွေ ပေးပို့ခဲ့တယ်။ ဒါပေမဲ့ ကျောင်းသားတွေကို အဖက်မလုပ်တဲ့အတွက် အခုလို ဆန္ဒဖော်ထုတ် တောင်းဆိုရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ညီနောင်သမဂ္ဂ ကျောင်းသားတွေလည်း ဒီနေ့နဲ့ မနက်ဖြန်မှာ တစ်ပြိုင်နက်တောင်းဆိုကြမှာပါ” ဟု တောင်ငူပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုခန့်မင်းကိုကိုက ပြောကြားသည်။

ပညာရေးကောလိပ်ပြီးဆုံးခဲ့သော်လည်း ဘွဲ့ရမှ ရာထူးတိုးမည်ဖြစ်သည့်အတွက် မိမိတို့မှာ အလုပ်တစ်ဖက်နှင့် ကျောင်းတက်ရသည့်အတွက် အဝေးသင်တက္ကသိုလ် တတိယနှစ်မှ ဆက်လက်တက်ရောက်သင်ကြားခွင့်ရလိုသဖြင့် ယခုကဲ့သို့ ပူးပေါင်းပါဝင် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း တောင်ငူပညာရေးကောလိပ် ဒုတိယနှစ်ကျောင်းသူ မမြင့်မိုရ်ဝင်းက ပြောဆိုသည်။

ပညာရေးကောလိပ် ဒုတိယနှစ်သင်တန်းပြီးဆုံးပါက အဝေးသင်တက္ကသိုလ် ပထမနှစ်က စတင်တက်ရောက်ရသည့်စနစ်သည် ယခင်ကတည်းက ရှိခဲ့ပြီး ယခုအချိန်သမဂ္ဂများဖွဲ့ခွင့် တောင်းဆိုခွင့်ရ၍ တောင်းဆိုကြသည်ဟု ယူဆကြောင်း တောင်ငူပညာရေး ကောလိပ်ကျောင်းအုပ်ကြီးက ပြောကြားသည်။

ယင်းသို့ တတိယနှစ်မှ တက်ခွင့်ရရေးနှင့်ပတ်သက်၍ စက်တင်ဘာလ ၁၁ ရက်နေ့မှစတင်ကာ တောင်ငူအပါအဝင် မုံရွာနှင့် အခြားမြို့ကြီးများတွင် ဆန္ဒထုတ်ဖော်ပွဲများ လုပ်ဆောင်မည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနမှ တစ်စုံတစ်ရာ ဆုံးဖြတ်ချက်ရသည်အထိ တောင်းဆိုသွားမည်ဖြစ်ကြောင်း ပညာရေးကောလိပ်ကျောင်းသားများထံမှ သိရသည်။

J-01