News

POST TYPE

POPULAR POST

NLD စီးပွားရေး ကော်မတီဝင် ဦးရဲမင်းဦးနှင့် တွေ့ဆုံခြင်း
08-Oct-2016
ဒေါ်လာငွေလဲနှုန်း မြင့်တက်မှု၊ ငွေကြေးဖောင်းပွမှုနှင့် တိုင်းပြည်စီးပွားရေးတွင် အဓိကကျသော ငွေရေးကြေးရေးကဏ္ဍ တည်ငြိမ်ရေး တာဝန်ရှိသော ဗဟိုဘဏ်၏ အခန်းကဏ္ဍနှင့် လုပ်ဆောင်ချက်များအပေါ် စီးပွားရေးနှင့် ဘဏ်လုပ်ငန်းအကြံပေး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ စီးပွားရေးကော်မတီ အဖွဲ့ဝင် ဦးရဲမင်းဦးကို မေးမြန်းထားခြင်း ဖြစ်သည်။

Voice : ဆရာ့အနေနဲ့ လက်ရှိငွေဖောင်းပွမှုနဲ့ ငွေလဲနှုန်း မြင့်တက်မှုအပေါ် ဗဟိုဘဏ်ရဲ့ လုပ်ဆောင်ချက်တွေကို ဘယ်လိုမြင်မိလဲ။

UYMO : အခုက ငွေကြေးဖောင်းပွတာ မဟုတ်ဘူးဗျ။ ငွေကြေးဖောင်းပွတာက ပုံမှန်အတိုင်းပဲ သူ့ဟာသူ ရှိနေတာပေါ့။ မြန်မာကျပ်ငွေ အရမ်းကြီးဖောင်းပွလို့ ငွေလဲနှုန်း ဒီလိုဖြစ်လာတာ မဟုတ်ဘူး။ တကယ်ဖြစ်တာက ဒေါ်လာလိုအပ်ချက်ကို မဖြည့်နိုင်လို့၊ ဒေါ်လာဝယ်ချင်တဲ့သူတွေ ပိုများလာတာ။ ဝယ်လိုအား တက်လာတဲ့အတွက် ဒေါ်လာဈေး လိုက်တက်လာတဲ့ သဘောပဲ။ ဒေါ်လာလိုအပ်ချက် တက်တာ လူတိုင်းပြောနေကျ ကုန်သွယ်မှုလိုငွေ ပြနေလို့ ပို့ကုန်နည်းပြီး သွင်းကုန်များတဲ့အတွက် ဖြစ်နေတာ တစ်ကြောင်းပေါ့။

နောက်တစ်ခုက ဈေးနည်းနည်းလန့်ရင် ပေးရန်၊ ရရန်ရှိသူတွေက လန့်ဖျပ်ပြီးတော့ ဒေါ်လာဝယ်ထားမှပဲ ဆိုပြီး ဝယ်ကြတာလည်း ပါတယ်။ အဲဒါနှစ်ခု ဆုံသွားတာပေါ့။ နောက်တစ်ခါ နိုင်ငံတကာမှာလည်း ဒေါ်လာဈေးက နည်းနည်းတက်တာကိုး။ ဒေါ်လာကို ဝယ်သိမ်းထားရမယ်ဆိုတဲ့ စိတ်မျိုး လူတော်တော်များများ စိတ်ထဲ ဖြစ်လာတော့ ဒေါ်လာလိုအပ်ချက် တက်လာတာပေါ့။ ဒီအချိန်မှာ ဗဟိုဘဏ်က ဘာလုပ်နေသလဲဆိုတော့၊ ကျွန်တော်တို့ တွေ့ရသလောက် ဗဟိုဘဏ်က ချက်ချင်းကို တုံ့ပြန်တာမျိုး နည်းနည်းလေးနှေးတယ်။ ကမ္ဘာ့ဒေါ်လာဈေး တက်တော့မယ် ဘာညာဆို ကြိုသိတာပဲလေ၊ ကမ္ဘာပေါ်မှာရှိတဲ့ စီးပွားရေး အချက်အလက်တွေက ကြိုကြေညာကြတာပဲ၊ ခန့်မှန်းခြေတွေလည်း ပြောကြတာပဲ။ မီဒီယာတွေ၊ ဆွေးနွေးမှုတွေမှာလည်း ပါနေတာပဲ။

ဒါပေမဲ့ ဗဟိုဘဏ်က Proactive (ကြိုပြီးတော့ လုပ်တာ) နည်းတယ်။ သူက အမြဲတမ်း Reactive ဖြစ်ပြီးတော့မှ လိုက်ဖြေရှင်းတယ်။ တုံ့ပြန်တာ နောက်ကျတော့ တချို့ဟာတွေက အလွန်အကျွံတွေ ဖြစ်ကုန်တာပေါ့။ ခုလည်း အဲဒီလိုပဲ အစောကြီးကတည်းက တုံ့ပြန်လိုက်ရင် ဒီထက်ပိုပြီး စောစောစီးစီး ဈေးငြိမ်မယ့် ကိစ္စကို တုံ့ပြန်တာ နောက်ကျတော့ ဒေါ်လာဈေးက မလိုလားအပ်တဲ့ ဈေးအထိ တက်သွားတာပေါ့။ သူတို့ အခုအစည်းအဝေးတွေ လုပ်တယ်။ မီဒီယာနဲ့တွေ့ပြီး ပြောဆိုတာမျိုးလုပ်တော့ ဒေါ်လာဈေးက ကျရိပ်ပြန်ပြလာတယ်။ နောက်ထပ် Action တွေ ဆက်လုပ်ရင်တော့ ဒေါ်လာဈေးက ပြန်ကျလာပါလိမ့်မယ်။ ကျွန်တော် သတိထားမိသလောက် ဗဟိုဘဏ် ၁၂၃၀၊ အပြင်ဈေး ၁၂၄၅ လောက် ဖြစ်တဲ့အချိန် ဈေးကွက်ထဲမှာ ဝယ်လိုအားက နည်းနည်းလျော့သွားပြီ။ ပြောချင်တာ အဲဒီအချိန်မှာ ဈေးကျမှာပေါ့ဗျာ။ ဒါပေမဲ့ နောက်နေ့မှာ ဗဟိုဘဏ်က ၁၂၃၅ ကောက်လုပ်လိုက်တော့ အပြင်ဈေးက ၁၂၅၀ ကျော်သွားရော။ ဈေးကွက်ထဲ ဘာဖြစ်တယ်ဆိုတာ ပြင်ပထက် ချက်ချင်းသိတာ အမြဲတမ်း နောက်ကျတယ်။ ဘာလို့နောက်ကျလဲ ဆိုတာတော့ ကျွန်တော်တို့လည်း မသိဘူး။ ဒါသိပ်ခက်တဲ့ ကိစ္စတော့ မဟုတ်ဘူး။ ဖုန်းလေး နှစ် Call လောက် ဆက်လိုက်ရင်တောင် သိနိုင်တဲ့ ကိစ္စပဲ။ အဲဒီလိုမျိုး နောက်ကျတဲ့ အခါကျတော့ သူတို့ ဖမ်းထိန်းနိုင်တဲ့ အခြေအနေမျိုးမှာ မထိန်းနိုင်တော့ဘူး။

၁၂၈၀ ကို ကျော်ထွက်သွားတာပေါ့။ ဟိုအရင်ကတည်းက ၁၂၈၀ ကိုထိပြီဆိုရင် လူတွေက ၁၃၀၀ ကို ထိတော့မယ်လို့ မျှော်မှန်းချက် ရှိကြတယ်။ အခု ၁၂၈၀ ကျော်လာတော့ ၁၃၀၀ ရောက်တော့မယ်ဆိုပြီး ဝယ်တဲ့သူတွေက ထပ်တိုးလာပြန်ရော။ အဲဒီအချိန် ဗဟိုဘဏ် ဘယ်မှာရပ်တည်မလဲ ဆိုတာ မူတည်တာပေါ့။ ရပ်မှာလား၊ လိုက်တက်မှာလားပေါ့။ ဒီတစ်ခေါက်မှာ လိုက်တက်မယ့်ဟာကို သူက ရွေးထားတာကိုး။ သူ လိုက်တက်လေ အပြင်ကလည်း လိုက်တက်လေပဲ။ ဒါ ပြီးခဲ့တဲ့ နှစ်ပတ်လောက် ကတည်းက ပြေလည်ရမယ့် ကိစ္စ၊ အခုတော့ စီးပွားရေးမှာ အများကြီး ထိတာပေါ့။

နောက်တစ်ခါ ကုန်သွယ်မှု လိုငွေပြတယ် ဆိုတာ သွင်းကုန်များနေလို့ သွင်းကုန်က ဒေါ်လာနဲ့ ပေးနေရတာ။ အဲဒီမှာ ပစ္စည်းတွေ ဈေးတက်ကုန်တာပေါ့။ ဒီတော့ စားသုံးသူတွေ ဒုက္ခရောက်တာပေါ့ဗျာ။ နောက်ဆုံးထိတာ ပြည်သူပဲထိတာ။ နောက်ဒါမျိုးမဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ ပြောရင် ဗဟိုဘဏ်သည် ဖြစ်လာမယ့် ကိစ္စကို ကြိုတင်မှန်းဆပြီးတော့ ကြိုတင်ကာကွယ်တာ လုပ်သင့်တယ်။ လုပ်ဖို့အခွင့်အလမ်းလည်း သူ့မှာ ရှိတယ်။ လုပ်နိုင်တဲ့ Capacity လည်း ရှိရက်နဲ့ မလုပ်မိတာတွေဘဲ။ မလုပ်မိတာ ဘာလို့ဖြစ်လဲ ဆိုတာတော့ ကျွန်တော်တို့လည်း မသိဘူး။ ခွင့်မပြုထားတာလား၊ အမိန့်မပေးထားတာလား၊ နောက် လုပ်ရင်လုပ်တဲ့သူကို ခေါ်ဆူနေတာလား၊ ဒါက အပေါ်က အုပ်ချုပ်နေသူတွေနဲ့ တာဝန်ယူထားသူ နှစ်ယောက်ကြားပဲ သိမယ့်ကိစ္စပဲ။

Voice : အခုတလော ဘဏ်အတိုးနှုန်း လျှော့သင့်တယ်၊ မလျှော့သင့်သေးဘူး ပြောလာတာတွေ ရှိတယ်။ ငွေဖောင်းပွမှုနှုန်း မြင့်နေချိန်မှာ ဘဏ်တိုးနှုန်း လျှော့နိုင်မလား။

UYMO : ဘဏ်တိုးတွေက တင်ချင်တိုင်း တင်လို့မရသလို၊ ချချင်တိုင်းလည်း ချလို့မရဘူး။ အဲဒီလိုတင်ဖို့၊ ချဖို့ဆို ငွေကြေးဖောင်းပွမှုနဲ့ တိုက်ကြည့်ပြီး ပြောမှပဲ ရမယ်။ ငွေဖောင်းပွမှု မချဘူးဆိုရင် ဘယ်လိုလုပ် ဘဏ်တိုးကို ချမလဲ။ ငွေဖောင်းပွမှုနှုန်းက ဂဏန်းနှစ်လုံး (၁၂ ဒသမ ၁၂ ရာခိုင်နှုန်း) ရှိနေချိန်မှာ ဘဏ်တိုးကို အဲဒီနှုန်းအောက် ရောက်အောင် ဘယ်လိုမှ ချလို့မရတော့ဘူး။ အဲဒီလိုလုပ်လိုက်ရင် ဘဏ်မှာ ဘယ်သူမှ ပိုက်ဆံလာစုမှာ မဟုတ်ဘူး။ ဘဏ်မှာ စုဆောင်းငွေ မရှိရင် ဘဏ်တွေက ငွေဘယ်လိုထုတ်ချေးမလဲ။ နောက် တချို့တွေပြောတာ ချေးငွေအတိုးနှုန်း ၁၃ ရာခိုင်နှုန်းက များတယ်ပေါ့။ တကယ်က ငွေဖောင်းပွမှု ရှိနေတဲ့အတွက် စုဆောင်းငွေအပေါ် ၈ ရာခိုင်နှုန်း ပေးထားလို့ ချေးငွေမှာ ၁၃ ရာခိုင်နှုန်း ဖြစ်နေတာ။ စုဆောင်းငွေ အတိုးနှုန်းကို ချနိုင်မှ ချေးငွေအတိုးကိုလည်း ချလို့ရမယ်။ တကယ်တော့ အတိုးနှုန်းက အလွယ်တကူ ချလို့တော့ မရဘူး။ ဒီတစ်နှစ်၊ နှစ်နှစ်အတွင်းမှာ ဘာဖြစ်ခဲ့လဲဆိုတော့ ဘဏ်တွေမှာ စုငွေရတာ နည်းတယ်။ စုဆောင်းငွေနည်းတော့ ဘဏ်တွေက အပြိုင်အဆိုင်လုပ်ရင်း Deposit လုတာ၊ စုငွေများများတက်အောင် လုပ်တာ။ ဘယ်လိုလုပ်လဲဆိုတော့ Call Deposit တို့ ဘာတို့အသစ်တွေ ထွင်တာပေါ့။ အဲဒီမှာ Call Deposit ကို ၈ ဒသမ ၂၅ အထိ ပေးတာမျိုး။ အလုအယက် ကိုယ့်ဘဏ်မှာ ငွေများရေးကို လုပ်ကြတာပေါ့။ ကိုယ့်ဆီမှာ ငွေများများလာအပ်ဖို့ အတိုးကို ပေးရမယ့် ပမာဏထက် ပိုပေးတာပေါ့။ အဲဒီတုန်းကတော့ အပြိုင်အဆိုင်တွေ လုပ်ကြတာပေါ့။ 

ဒါပေမဲ့ အခုလိုမျိုး ခက်ခဲ၊ ကျပ်တည်းလာတဲ့ ကာလရောက်တော့ အဲဒါတွေက မကိုက်တော့ဘူး။ ဒါကြောင့် ပြန်လျှော့ဖို့ ကြိုးစားတာပေါ့။ အခုလျှော့တာတော့ ဘဏ်အသေးလေးတွေက လျှော့ကြတာ၊ ဘဏ်ကြီးတွေက ခုထိမလျှော့သေးဘဲနဲ့ ဆက်ပေးနေတုန်းပဲ။ အဲဒီလိုမျိုး Call Deposit အတိုးနှုန်း လျှော့ရုံလောက်နဲ့တော့ ငွေတွေက အပြင်ကို ပြန်ထွက်မလာဘူး။

Voice : အစိုးရသစ် လက်ထက်မှာ ဗဟိုဘဏ်ကို သီးခြားလွတ်လပ်တဲ့အဖွဲ့အဖြစ် ပြောတာ မကြားမိဘူး။ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနအောက်ကို  ပြန်ရောက်သွားတာလား။ ဗဟိုဘဏ်ရဲ့ ရပ်တည်မှုက တကယ်လွတ်လပ်နေတယ်လို့ မြင်ပါသလား။

UYMO : ဗဟိုဘဏ်က သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်တာ ပြီးခဲ့တဲ့ အစိုးရလက်ထက် ကတည်းကပဲ။ သမ္မတကိုပဲ တိုက်ရိုက်သတင်းပို့ပြီး သမ္မတကပဲ တိုက်ရိုက်ညွှန်ကြားတယ်။ ပြီးခဲ့တဲ့ အစိုးရခေတ်မှာ သမ္မတက မအားတဲ့ အခါမျိုးတွေမှာ သမ္မတရုံး ဝန်ကြီးတွေက တစ်ဆင့် ဗဟိုဘဏ်က ွ Report (အစီရင်ခံစာ) တင်ရတာ၊ ဗဟိုဘဏ်ကို ဆက်သွယ်တာတွေ ရှိခဲ့တယ်။ ဆိုတော့ ဗဟိုဘဏ် ဥက္ကဋ္ဌသည် ဝန်ကြီးအဆင့် ဆိုပေမယ့် သမ္မတရုံး ဝန်ကြီးအောက်ကို ရောက်သွားတယ်။ သမ္မတရုံး ဝန်ကြီးက ဘဏ်လုပ်ငန်း လိုင်စင်ပေးဆိုရင် ပေးရတဲ့ အခြေအနေ ရောက်သွားတယ်။ ဒါပြီးခဲ့တဲ့ ငါးနှစ်မှာ ကြုံခဲ့ရတဲ့ အခြေအနေပေါ့။ အခု ဒီဘက်ကိုရောက်တဲ့ အချိန်ကျတော့ သမ္မတကို တိုက်ရိုက်အစီရင်ခံတဲ့ အချိန်မှာ သူက မလွတ်လပ်တာ မဟုတ်ဘူး၊ လွတ်လပ်လွန်နေတာ။ သူ့ကို အုပ်ချုပ်မယ့်သူလည်း မရှိဘူး၊ ထိန်းသိမ်းမယ့်သူလည်း မရှိဘူး။ ဘာလို့ဆို သူ့ရဲ့ အစီရင်ခံစာကို သမ္မတဆီ ဘယ်လမ်းကြောင်းက ပို့နေပြီး သမ္မတက ဘာတွေညွှန်ကြားနေတယ် ဆိုတာ ထင်ထင်ရှားရှား ဘာမှမတွေ့ရဘူး။ ကျွန်တော်တို့ စိတ်ထဲမှာ ထင်တာက သူက ဘယ်သူကမှ မအုပ်ချုပ်ဘဲနဲ့ သူ့ကိုယ်သူ အုပ်ချုပ်နေရတယ်လို့တောင် ထင်တယ်။ တော်တော်ကြီး လွတ်လပ်သွားတာပါ။ အရင်ထက်တောင် ပိုလွတ်လပ်သွားတာ။ အရင်ကမှ သမ္မတရုံးဝန်ကြီးက သူ့ကို လာကြည့်နေသေးတယ်။ အခု သမ္မတရုံးဝန်ကြီးက သူ့ဟာသူ မအားတဲ့ အခါကျတော့ သူ့မကြည့်နိုင်ဘူးလေ။ ပိုပြီးတော့တောင် လွတ်လပ်ရေး ရနေသေးတယ်။ အခုလို ရုတ်ရုတ်ဖြစ်ချိန်မှာ သူ့ကို ချက်ချင်းညွှန်ကြားချက်ပေးတဲ့သူ မရှိဘူး၊ သူ့ဘာသာ ဆုံးဖြတ်ရတာပေါ့။ ကိုယ့်ဘာသာ ဆုံးဖြတ်ဖို့ကို နှောင့်နှေးနေတာ။ မြန်မြန်ဆုံးဖြတ်နိုင်ရင် တချို့ပြဿနာက မြန်မြန်ပြေလည်မယ်။ အခု သမ္မတရုံးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေတဲ့ အခါကျတော့ ဒီဘက်ကို လှည့်မကြည့်နိုင်တော့ ပိုပြီးတောင် လွတ်လပ်ရေး ရနေသေးတယ်။ အခုမှ တကယ် လွတ်လပ်သွားတယ်လို့တောင် ပြောလို့ရသေးတယ်။

Voice : ဗဟိုဘဏ် လူကြီးပိုင်းတွေ ပြောင်းလဲဖို့ လိုတယ်လို့ ထင်ပါသလား။

UYMO : ဗဟိုဘဏ်ရဲ့ လက်ရှိအပေါ်က လူတွေကို မေးစေချင်တယ်။ သူတို့ကိုယ် သူတို့ သိရမှာပေါ့။ လက်ရှိခေတ်စနစ်နဲ့ ကိုက်ညီမှု ရှိသေးရဲ့လား၊ လက်ရှိပြောင်းလဲသွားတဲ့ ခေတ်စနစ်နဲ့ အမီလိုက်ဖို့ အသင့်ဖြစ်ပြီလား။ တကယ်လို့ အသင့်မဖြစ်ဘူး၊ ပြောင်းလဲသွားတဲ့ ခေတ်စနစ်နဲ့ လိုက်မလုပ်ချင်ဘူး ဆိုရင် ကိုယ့်သဘောနဲ့ကိုယ် ပြောင်းလဲဖို့ လုပ်ပေါ့လေ။ ပြောင်းသွားတဲ့စနစ်ကို ကိုယ်မလိုက်ချင်တော့ဘူး ဆိုရင်တော့ ကိုယ့်သဘောနဲ့ကိုယ် နုတ်ထွက်ပေါ့ ဒါပဲရှိတာပဲ။ ကျွန်တော်တို့က အဲဒီလိုပဲမြင်တယ်။ သူတို့အသိဆုံး ဖြစ်မှာပါ။ လက်ရှိအစိုးရရဲ့ စီးပွားရေးမူဝါဒနဲ့ ဗဟိုဘဏ်ရဲ့ ဆောင်ရွက်မှုတွေက လိုက်လျောညီထွေ ရှိရဲ့လား၊ ဗဟိုဘဏ်ရဲ့ ဆောင်ရွက်မှုတွေက တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက်ကို အကျိုးပြုရဲ့လား၊ ဗဟိုဘဏ်ရဲ့ ထိန်းချုပ်နိုင်မှုက ပုဂ္ဂလိကဘဏ်တွေ အပေါ်မှာ သြဇာသက်ရောက်မှု တကယ်ရှိရဲ့လား။ ဒါကို ဗဟိုဘဏ်က လူတွေကပဲ သုံးသပ်ရမှာပေါ့။ သုံးသပ်ပြီးသွားရင် ပြတ်ပြတ်သားသား အားမနာတမ်း မညှာတမ်း ကိုယ့်ကိုယ်ကိုယ် ဝေဖန်ပြီး ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ကြရမှာပေါ့။ လက်ရှိအစိုးရကတော့ သူတို့ရဲ့ Contract (သက်တမ်း) ရှိနေတဲ့ အတွက် သူတို့ သက်တမ်းပြည့်တဲ့အထိ စောင့်နေတဲ့ သဘောတော့ ရှိတယ်။ 

စစ်ငြိမ်းသူ