News

POST TYPE

POPULAR POST

ဆိုင်ကယ်ကယ်ရီသမားကို ဓားနှင့်ထိုးသည့် ရဲတပ်ဖွဲ့ဝင်များကို အရေးယူမည်
11-Sep-2018
တောင်ငူ၊ စက်တင်ဘာ ၁၀

ပဲခူးတိုင်း ပဲခူးမြို့နယ် ဥဿာမြို့သစ်တွင် စက်တင်ဘာလ ၆ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့သည့် ရဲတပ်ဖွဲ့ဝင်များက ဆိုင်ကယ်ကယ်ရီသမားကို ဓားနှင့်ထိုးသည့်ဖြစ်စဉ်မှ ရဲတပ်ဖွဲ့ဝင်များကို ရာဇသတ်ကြီး ဥပဒေအပါအဝင် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေများဖြင့်လည်း အရေးယူမည်ဖြစ်ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ မြို့သစ် ရပ်ကွက်ကြီး ၄ ဗိုလ်ချုပ်အောင်ဆန်းလမ်းဘေးရှိ G-7 KTV မှ ပြန်လာသည့် ပိန်းဇလုပ်နယ်မြေစခန်းမှ ရဲတပ်သားမင်းထက်ထက်အောင် အပါအဝင် နယ်မြေစခန်းအသီးသီးမှ ရဲတပ်ဖွဲ့ဝင်ငါးဦးသည် ရပ်ကွက်ကြီး ၂ ဘုရင့်နောင်လမ်းထောင့်တွင် ဆိုင်ကယ်ကယ်ရီသမား ဦးစိုးနိုင် (၄၄ နှစ်) ကို လိုက်ပို့ပေးရန် ပြောဆိုရာမှ စကားများရန်ဖြစ်ခဲ့ကြပြီးနောက် လုံးထွေးသတ်ပုတ်ခဲ့ကြစဉ် ဖောင်တော်သီနယ်မြေစခန်းမှ ရဲတပ်သား အာကာဖြိုးက လေးလက်မရှိ ခေါက်ဓားဖြင့် ဦးစိုးနိုင်ဝမ်းဗိုက်ကို တစ်ချက်ထိုးပြီး တိမ်းရှောင်ခဲ့ကြခြင်းဖြစ်ကြောင်း အဆိုပါရဲတပ်ဖွဲ့ထံမှ သိရသည်။

လတ်တလော ယင်းရဲတပ်ဖွဲ့ဝင်ငါးဦးကို တာဝန်မှ ရပ်နားထားပြီး ဖမ်းဆီးထိန်းသိမ်းထားကာ ယင်းကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများလည်း ပြုလုပ်နေကြောင်း အဆိုပါတာဝန်ရှိသူက ဆိုသည်။

ဓားဖြင့်ထိုးခံခဲ့ရသူ ဦးစိုးနိုင်သည် ပဲခူးဆေးရုံကြီးတွင် တက်ရောက်ကုသနေပြီး စိုးရိမ်ဖွယ်ရာမရှိကြောင်း၊ မြို့နယ်နှင့် ခရိုင်ရဲတပ်ဖွဲ့က လိုအပ်သည်များကို ကူညီပေးမည်ဖြစ်သည်ဟု ကတိပေးထားသည့်အတွက် အမှုဖွင့်လှစ်ထားခြင်းမရှိကြောင်း ကာယကံရှင်နှင့် နီးစပ်သူများထံမှ သိရသည်။ 

R-15


  • VIA