News

POST TYPE

POPULAR POST

မြောက်ကိုရီးယား နှစ် ၇၀ ပြည့် စစ်ရေးပြအခမ်းအနားတွင် ဒုံးကျည်လက်နက်များ မပြသခဲ့၍ ကင်ဂျုံအန်းကို ဒေါ်နယ်ထရမ့် အလေးပြု
11-Sep-2018


ဝါရှင်တန်၊ စက်တင်ဘာ ၁၀ 

မြောက်ကိုရီးယားကွန်မြူနစ်နိုင်ငံတော် ထူထောင်ခြင်း နှစ် ၇၀ ပြည့်နှစ် အထိမ်းအမှတ်အဖြစ်ပြုလုပ်သော ဧရာမ စစ်ရေးပြအခမ်းအနားကြီးတွင် နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်သည့် ဒုံးကျည်များ ပြသမှုမပြုခဲ့သည့်အတွက် အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကို အလေးအနက်ထား အလေးပြုလိုက်ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။ 

“ဒါဟာ မြောက်ကိုရီးယားဘက်က အင်မတန် အပြုသဘောဆောင်တဲ့ ဖော်ကျူးပြသမှုတစ်ရပ်ပါပဲ။ ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌကင်။ အားလုံးလွဲမှားနေတယ်ဆိုတာကို ကျွန်တော်တို့နှစ်ယောက်အတူ သက်သေထူကြမယ်” ဟု သမ္မတထရမ့်က Twitter မှတစ်ဆင့် ရေးသားဖော်ပြသည်။ 

တစ်ဦးနှင့်တစ်ဦး နှစ်သက်မှုရှိသူ နှစ်ဦး၏ ဒိုင်ယာလော့ခ်ထက်ပိုကောင်းသည့် အရာမရှိခဲ့ကြောင်း၊ ယခုဆိုလျှင် အခြေအနေအရပ်ရပ်သည် မိမိသမ္မတ မဖြစ်ခင်ကထက် ပိုမိုကောင်းမွန်လာကြောင်း ထရမ့်က ဆက်လက်ဖော်ပြသည်။ 

အဆိုပါစစ်ရေးပြအခမ်းအနားကြီးတွင် ဒုံးကျည်လက်နက်ကြီးများ ထည့်သွင်းပြသမှုမပြုခြင်းမှာ သမ္မတထရမ့်နှင့် ရရှိထားသော နျူကလီးယားလက်နက်ဖြုတ်သိမ်းရေးဆိုင်ရာ သဘောတူညီချက်အတိုင်း လုပ်ဆောင်လျက်ရှိသည်ဟူသောအချက်ကို ဖော်ပြလို၍ဖြစ်နိုင်ကြောင်း လေ့လာစောင့်ကြည့်သူများက ဆိုသည်။

သမ္မတထရမ့်ကမူ ယင်းစစ်ရေးပြ အခမ်းအနားသည် ငြိမ်းချမ်းမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ကျူးသည့်သဘာတွင်ရှိကြောင်း ပြောကြားသည်။ 

သမ္မတထရမ့်က မိမိအနေနှင့် ဥက္ကဋ္ဌကင်ဂျုံအန်းထံမှ ပေးပို့လာမည့် စာကို မျှော်လင့်လျက်ရှိကြောင်း သောကြာနေ့တွင် ထုတ်ဖော်ပြောကြားသည်။ 

ယမန်နေ့က စစ်ရေးပြအခမ်းအနားသည် နျူကလီးယားလက်နက်ဖြုတ်သိမ်းပါမည်ဟု ကတိပြုထားပြီးဖြစ်သည့် မြောက်ကိုရီးယားအနေနှင့် ယင်းကတိစကား အတိုင်း အမှန်တကယ်လုပ်ဆောင်လိုသည့် ဆန္ဒရှိ၊ မရှိကို ဖော်ကျူးမည့်အခမ်းအနားလည်း ဖြစ်သည်။ အကြောင်းမှာအမေရိကန်ပြည်ထောင်စုအထိ ရောက်ရှိအောင် ပစ်လွှတ်နိုင်စွမ်းရှိသည့် ပဲ့ထိန်းဒုံးကျည်ကြီးများကို စစ်ရေးပြအခမ်းအနား၌ပြသခြင်းသည် ရန်စပြုမူမှုအဖြစ် သတ်မှတ်နိုင်သောကြောင့်ဖြစ်သည်။ 

သို့သော် ယင်းအခမ်းအနားတွင် ကင်ဂျုံအန်းက မိန့်ခွန်းပြောဆိုမှုမပြုခဲ့ပေ။ 

မြောက်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့သည် လပေါင်းများစွာ ဆက်ဆံရေးတင်းမာခဲ့ပြီးနောက် ပြီးခဲ့သည့် ဇွန်လက စင်ကာပူတွင် နှစ်နိုင်ငံခေါင်းဆောင်တို့၏ ထိပ်သီးဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပနိုင်ခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် အမေရိကန်သမ္မတနှင့် ထိပ်သီးဆွေးနွေးပွဲ ကျင်းပခဲ့ပြီးနောက်ပိုင်း၌ ကွန်မြူနစ်နိုင်ငံ၏ စီးပွားရေးတိုးတက်ကောင်းမွန်ရေးကို ပို၍အာရုံစိုက်လာခဲ့သည်။ ကမ္ဘာလှည့်ခရီးသည်များအတွက် အပန်းဖြေစခန်းများ တည်ဆောက်ရေး၊ စက်ရုံများ အဆင့်မြှင့်တင်ရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး စသည်တို့ကို နျူကလီးယားလက်နက်ကိစ္စထက် ပိုမိုအလေးပေးဆောင်ရွက်ခဲ့သည်။

F-01