News

POST TYPE

POPULAR POST

အင်းလေးကန်ကို ကမ္ဘာ့ရေဝပ်ဒေသအဖြစ် သတ်မှတ်
11-Sep-2018

ရန်ကုန်၊ စက်တင်ဘာ ၁၀

အာဆီယံအမွေအနှစ်စာရင်းဝင် တစ်ခုဖြစ်သည့် အင်းလေးကန်ကို ကမ္ဘာလုံးဆိုင်ရာ အရေးပါသည့် ရေဝပ်ဒေသ (Ramsar Site) အဖြစ် ရမ်ဆာကွန်ဗင်းရှင်းက သတ်မှတ်ခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က ပြောကြားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို မြန်မာနိုင်ငံ၏ ငါးခုမြောက် ရမ်ဆာဒေသအဖြစ် အတည်ပြုသတ်မှတ်ခဲ့ခြင်းလည်း ဖြစ်သည်။

အင်းလေးကန်သည် မြန်မာနိုင်ငံ၏ပထမဆုံးသော လူသားနှင့် ဇီဝအဝန်းနယ်မြေ (Man and Biosphere Reserve) အဖြစ် ယူနက်စကို၏ သတ်မှတ်ခြင်းခံထားရသည်။

ရေတိမ်ဒေသ (Ramsar Site) အဖြစ် သတ်မှတ်ခြင်းကို ရမ်ဆာကွန်ဗင်းရှင်းက ၎င်းတို့၏ဝက်ဘ်ဆိုက်တွင် စက်တင်ဘာလ ၇ ရက်နေ့က ဖော်ပြခဲ့ကြောင်း ဒေါက်တာညီညီကျော်က ပြောဆိုသည်။

“အင်းလေးကန်က ရေတိမ်ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်ဖို့ အရမ်းလိုအပ်နေတဲ့ နေရာဖြစ်နေလို့ Ramsar Site သတ်မှတ်ခြင်းဖြင့် သက်ဆိုင်ရာအဖွဲ့အစည်း၊ ဌာနဆိုင်ရာ၊ ဒေသခံအားလုံးကို အင်းလေးကန်ဟာ မြန်မာနိုင်ငံရဲ့ အရေးကြီးရေဝပ်ဒေသ ဖြစ်နေတယ်ဆိုတာ သိစေပြီး အင်းလေးကန်ပျက်စီးစေမယ့် ဆောင်ရွက်ချက်တွေ လျော့နည်းလာမယ်”ဟု ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) မှ ငှက်နှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဒေါက်တာသီရိဒေဝီအောင်က မှတ်ချက်ပြုပြောဆိုသည်။

ထို့ပြင် အချို့သော ရန်ပုံငွေထောက်ပံ့သည့် အဖွဲ့အစည်းများအနေနှင့်လည်း အင်းလေးကန်သည် ယခုကဲ့သို့ Ramsar Site အဖြစ် သတ်မှတ်ခံရသည့်အတွက် ထောက်ပံ့ ပံ့ပိုးပေးဖို့ စဉ်းစားကြသဖြင့် ထိန်းသိမ်းရေးလုပ်ငန်းများကို ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

ကမ္ဘာတစ်ဝန်းရှိ ရေဝပ်ဒေသ ၂၂၀၀ ကျော်ကို အရေးပါသည့် ရမ်ဆာဒေသအဖြစ် သတ်မှတ်ထားပြီး မြန်မာနိုင်ငံတွင်လည်း ပဲခူးတိုင်းဒေသကြီးရှိ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ကချင်ပြည်နယ်ရှိ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ဧရာဝတီတိုင်းဒေသကြီးရှိ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောနှင့် မုတ္တမပင်လယ်ကွေ့၏ မြောက်ဘက်ပိုင်းတို့ကို ရမ်ဆာဒေသအဖြစ် သတ်မှတ်ထားသည်။

E-03