News

POST TYPE

POPULAR POST

ခွင့်ပြုချက်မရှိ ဖွင့်ထားသော ဘဏ်ခွဲများကို ဒဏ်ကြေးပေးဆောင်စေရန် စီစဉ်ဟု ဗဟိုဘဏ်ဆို
11-Sep-2018
နေပြည်တော်၊ စက်တင်ဘာ ၁၀ 

ခွင့်ပြုချက်မရှိဘဲ ဖွင့်ထားသည့် ဘဏ်ခွဲများကို ဒဏ်ကြေးငွေပေးဆောင်ရန် စီစဉ်လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ပြောကြားသည်။

“ဒဏ်ကြေးပေးဆောင်ရေးကိစ္စကို စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်”ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ၂၀၁၆ -၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ အမှတ်စဉ် ( ၇/၂၀၁၈ ) ကို ပြည်ထောင်စု အစိုးရအဖွဲ့က ပြန်လည်ရှင်းလင်းကြရာတွင် ၎င်းက ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းအစီရင်ခံစာတွင် ဗဟိုဘဏ်အနေနှင့် ပုဂ္ဂလိကငွေရေးကြေးရေးအဖွဲ့အစည်းဖြစ်သော ပုဂ္ဂလိကဘဏ်များကို အချိန်နှင့် တစ်ပြေးညီ စောင့်ကြည့်ထိန်းကျောင်းရန် လိုအပ်ကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ အကြံပြုထားခြင်းဖြစ်ပြီး ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီအနေနှင့် ဖွင့်ပြုချက်မရှိဘဲ ဖွင့်ခဲ့သော ကမ္ဘောဇဘဏ်ခွဲများကို ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့်အညီ လုပ်ဆောင်ရန် မှတ်ချက်ပြု ထားခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စကြောင့် ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ခွင့်ပြုချက်မဲ့ ဖွင့်ခဲ့သော ဘဏ်ခွဲများကို ဒဏ်ကြေးငွေပေးဆောင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးစိုးမင်းက ဆိုသည်။

ယင်းဘဏ်များသည် အရေအတွက် မည်မျှရှိသည်ကို ပြောဆိုခြင်းမပြုသည့်အပြင် ဒဏ်ကြေးမည်မျှ သတ်မှတ်ထားသည်ကိုလည်း ထုတ်ဖော်ရှင်းလင်းခဲ့ခြင်း မရှိပေ။

ယင်းအပြင် မြန်မာ့စီးပွားရေးဘဏ်၊ မြဝတီမြို့ဘဏ်ခွဲ မန်နေဂျာက ငွေကျပ် ၂၇၅ သန်း အလွဲသုံးစားလုပ်သည့် ကိစ္စအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုန်းကိုးဒေသတွင် (၂၀၁၆ နိုဝင်ဘာလ) တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သဖြင့် အစိုးရငွေတိုက် ပျက်စီးခဲ့ပြီး နိုင်ငံပိုင်ငွေ ၂၀ ဒသမ ၅၅ သန်း ပျက်စီးခဲ့သည့် ကိစ္စကိုလည်း ဗဟိုဘဏ်က ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

S-01


  • VIA