News

POST TYPE

POPULAR POST

ပေါက်ကွဲမှုဖြစ်ပြီး လူ ၈ ဦး သေဆုံးခဲ့သော ကျောက်မီးသွေးတွင်း အပြီးပိတ်သိမ်း
11-Sep-2018
ချောက်၊ စက်တင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး ဆောမြို့နယ် ကျောက်မြောင်းကျေးရွာအနီးတွင် ပေါက်ကွဲမှုဖြစ်ပြီး လူ ၈ ဦး သေဆုံးခဲ့သော ကျောက်မီးသွေးတွင်းကို အပြီးပိတ်သိမ်းလိုက်ပြီး သေဆုံးခဲ့သူများကို ထွန်းရာဇသတ္တုတွင်း တူးဖော်ရေးကုမ္ပဏီမှ လျော်ကြေးငွေများ ပေးအပ်ခဲ့ကြောင်း ဆောမြို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထင်လင်းက ပြောကြားသည်။

စက်တင်ဘာလ ၆ ရက်က ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် သေဆုံးသူ အမျိုးသား ၈ ဦးအတွက် စက်တင်ဘာလ ၁၀ ရက်က ကုမ္ပဏီမှတစ်ဦးလျှင် ကျပ်သိန်း ၈၀ ထောက်ပံ့ကြေးပေးအပ်ခဲ့ပြီး စက်တင်ဘာ လ ၈ ရက်က မကွေးတိုင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ သေဆုံးသူတစ်ဦးလျှင် ကျပ်သုံးသိန်းနှင့် ဒဏ်ရာရသူတစ်ဦးကို ကျပ်ငါးသောင်း ထောက်ပံ့ပေးထားကြောင်း ၎င်းက ဆိုသည်။

“ဒီဟာက အရမ်းအန္တရာယ်များ သွားပြီ။ လုပ်ကွက်တော့မသိဘူး။ ဒီတွင်းကတော့ ပေါက်ကွဲမှုဖြစ်တဲ့အတွက် သေချာပေါက် ပိတ်သိမ်းမယ်”ဟု ဦးထင်လင်းက ပြောဆိုသည်။ 

ကယ်ဆယ်ရေးအဖွဲ့များ တွင်းထဲသို့ ဆင်းရာတွင် လူကို အန္တရာယ်ဖြစ်စေသည့် မီသိန်းဓာတ်ငွေ့ ပမာဏများနေသည့်အပြင် မြေပြိုကျထားသည်မှာလည်း ကျောက်တုံးကဲ့သို့ ပိတ်ဆို့နေသဖြင့် ဖယ်ရှားရန်ခက်ခဲခြင်း၊ တွင်းပေ ၇၀ ခန့် မြေများ ဆက်လက်ပြိုကျနေခြင်းတို့ကြောင့် ကယ်ဆယ်ရေးကို စက်တင်ဘာလ ၉ ရက်က ရပ်ဆိုင်းခဲ့ရကြောင်း၊ ယခု တွေ့ရှိချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြမည်ဖြစ်ကြောင်း ဆောမြို့တိုင်း ဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးထင်လင်းက ပြောသည်။ 

မိုင်းတွင်းလုပ်သား ၁၂ ဦး အလုပ် လုပ်ကိုင်နေစဉ် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သည့်အတွက် ကနဦးသုံးဦး သေဆုံးခဲ့ပြီးနောက် ငါးဦး၏အလောင်းကို ရှာဖွေတွေ့ရှိခဲ့သော်လည်း ကျန် ၄ ဦး၏ ရုပ်အလောင်းများကို ရှာဖွေနေစဉ် ထိုကဲ့သို့ ပြဿနာများ ပေါ်ပေါက်လာသည့်အတွက် ၎င်းတို့ ၄ ဦး၏ ရုပ်အလောင်းများကို ၎င်းတို့၏ မိသားစုဝင်များ တွေ့ရှိနိုင်တော့မည် မဟုတ်ပေ။

ကယ်ဆယ်ရေးအဖွဲ့သည် ယင်းကျောက်မီးသွေးတွင်း၏ အနက်ပေ ၆၀၀ ကျော်ထိ ဆင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ရာတွင် တွင်းအနက် ပေ ၄၀၀ ခန့် အရောက်တွင် အောက်ဆီဂျင်နည်းခြင်း၊ လူကိုအန္တရာယ် ဖြစ်စေနိုင်သည့် မီသိန်းဓာတ်ငွေ့သည် ရှိသင့်သည်ထက် ၁၀၀ ရာခိုင်နှုန်း အထက်တွင်ရှိနေခြင်း၊ ကျောက်မီးသွေးတွင်း ဒေါက်တိုင်များနှင့် မြေပြိုကျခြင်းတို့ ဖြစ်ပေါ်နေကြောင်း အမှတ် ၁ သတ္တုတွင်းလုပ်ငန်းမှ ရှင်းပြခဲ့သည်ဟု ဆောမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြဝင်းက ဆိုသည်။

R-24


  • VIA