News

POST TYPE

POPULAR POST

ကျောက်စရစ်စုပ်လုပ်ငန်းများကြောင့် ဧရာဝတီမြစ်လယ်စြင်္ကံကျွန်း ကမ်းပါးပြို
10-Sep-2018
ပြည်၊ စက်တင်ဘာ ၁၀

ပန်းတောင်းမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်လယ်ကျွန်းတစ်ကျွန်းဖြစ်သော စြင်္ကံကျွန်းမှာ ကျောက်စရစ်စုပ်လုပ်ငန်းများကြောင့် ကမ်းပါးများပြိုကျလျက်ရှိပြီး တောင်သူများ၏ စိုက်ပျိုးမြေများဆုံးရှုံးလျက်ရှိကြောင်း ဒေသခံတောင်သူများက ပြောကြားသည်။

ပန်းတောင်းမြို့နယ် ရွာသာယာကျေးရွာ စိုက်ပျိုးရေး လုပ်ကိုင်စားသောက်သော ဧရာဝတီမြစ်လယ်ရှိ မြေနုကျွန်းအမျိုးအစားဖြစ်ပြီး ကျွန်းနှင့်ကပ်လျက် ကျောက်စရစ်စုပ်လုပ်ကွက်မှ ကျောက်စရစ်များ အဆမတန်ထုတ်ယူခြင်းကြောင့် ကျွန်းပေါ်ရှိ စိုက်ခင်းဧကများပြိုကျပျက်စီး ဆုံးရှုံးနေရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ကျောက်စုပ်မော်တော်တွေရဲ့ အတိုင်းအတာမသိ စုပ်ထုတ်ခဲ့လို့ ကျွန်းအမြီးပိုင်းကနေ တစ်ဝက်လောက်ပြတ်ထွက်သွားပြီး ပြိုကျခဲ့ပါတယ်။ အရှေ့ကလည်းပြို အနောက်ကလည်းပြို အမြီးကလည်း ပြတ်ထွက်ခဲ့ပြီ”ဟု ရွာသာယာကျေးရွာမှ ဦးသန်းဇော်က ပြောဆိုသည်။

ယင်းကြောင့် အဆိုပါ ကျောက်စရစ် စုပ်မော်တော်များကို ဖယ်ရှားပေးစေလိုကြောင်း၊ ကျောက်စရစ်စုပ်ခွင့်ပေးသကဲ့သို့ မြေနုကျွန်းကိုလည်း မပျောက်ပျက်အောင် ထိန်းသိမ်းပေးစေလိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ကတော့ လုပ်ကွက်တစ်ကွက်ကို ၇ စီးပဲ စုပ်ခွင့်ပေးထားတယ်။ စည်းကမ်းချက်လည်း တစ်ခါတည်း ထုတ်ပေးထားတယ်။ စည်းကမ်းချက်မှာ လုပ်ငန်းရှင်တွေ လိုက်နာရမယ်လို့ လက်မှတ်ထိုးထားတယ်။ ကျောက်စရစ်စုပ်တာနဲ့ပတ်သက်လို့ မကျေနပ်တာတို့ မကျေမလည် ဖြစ်တာတို့ဆိုရင် မြို့နယ်မြစ်သဲကျောက်ထုတ်လုပ်မှုကြီးကြပ်ရေး ကော်မတီရှိတယ်။ ကျေးရွာအဆင့်ထိရှိတယ် တိုင်ကြားရင် အရေးယူပေးမယ်”ဟု ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဉာဏ်ဇော်က ပြောဆိုသည်။

ကျောက်စရစ်စုပ်မှုများတွင် ခွင့်ပြုချက်လိုင်စင်၏ သတ်မှတ်ပမာဏထက် ပိုမိုတိုးစုပ်ယူခြင်း၊ သတ်မှတ်စင်းရေထက် တိုး၍ စုပ်ယူခြင်းနှင့် သတ်မှတ်ကာလ ကျော်လွန်စုပ်ယူခြင်းများလည်းရှိပြီး သွားရောက်တားမြစ်ပါက မစုပ်ဘဲပြန်သွားပြီး တားမြစ်သူများမလာပါက ကျွန်းနားထိကပ်ကာ မြစ်သဲကျောက်စုပ်လုပ်ငန်းများကို လုပ်ဆောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

ပြည်ခရိုင်အတွင်း ဧရာဝတီမြစ် မြစ်သဲကျောက်စုပ်လုပ်ကွက် ၂၉ ခုရှိပြီး ကျောက်စရစ်စုပ်ယူခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရက ကျောက်စရစ်တစ်ကျင်းလျှင် နှစ်ထောင့်ငါးရာကျပ်နှုန်း ဓာတ်သတ္တုခွန်အဖြစ် ရရှိကြောင်း ပြည်ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

M-06