News

POST TYPE

POPULAR POST

ဆွမ်းချိုင့်ပို့စဉ် ကားတိုက်ခံရမှုမှ ယာဉ်ကို သိမ်းဆည်းရမိ
09-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၉

ပုဇွန်တောင်မြို့နယ် အနော်ရထားလမ်း ၅၄ လမ်းထိပ်အနီးတွင် စက်တင်ဘာ ၆ ရက် နံနက် ၄ နာရီခန့်က ဆွမ်းချိုင့်သွားပို့သည့် တက္ကသိုလ်ဒုတိယနှစ် ကျောင်းသားတစ်ဦး ကားတိုက်ခံရမှုကြောင့် သေဆုံးခဲ့ရမှုတွင် သက်သေခံမော်တော်ယာဉ်ကို သိမ်းဆည်းရမိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

“သက်သေခံအဖြစ် သိမ်းဆည်းထားတဲ့ကားကို အခင်းဖြစ်နေ့က ဆေးကျောင်းတက်နေသူ မောင်းခဲ့တာလို့ ကနဦး စုံစမ်းစစ်ဆေးချက်အရ သိရပြီး ယာဉ်ပိုင်ရှင်က ဆေးကျောင်းသားရဲ့ မိခင်။ ဆေးတက္ကသိုလ် နောက်ဆုံးနှစ်တက်နေတဲ့ ကျောင်းသားကိုတော့ မစစ်ရသေးဘူး။ သူက  မနေ့ကတည်းက ကျူရှင်သွားမယ်ဆိုပြီး အိမ်ကထွက်သွားတာ။ အခုထိ ပြန်မလာသေးဘူးလို့ သူ့မိဘတွေဆီက သိရတယ်”ဟု ယာဉ်ထိန်းရဲအရာရှိက ပြောသည်။

စက်တင်ဘာလ ၆ ရက် နံနက် ၄ နာရီဝန်းကျင်က ပုဇွန်တောင်မြို့နယ်၊ အနော်ရထာလမ်းနှင့် ၅၄ လမ်းထိပ်တွင် အရှိန်လွန်မောင်းလာသည့် အဖြူရောင် ကိုယ်ပိုင်ယာဉ်တစ်စီးက လမ်းဖြတ်ကူးနေသော အမျိုးသားတစ်ဦးကို ဝင်တိုက်ပြီးနောက် လွင့်ထွက်လဲကျသွားစဉ် ကားဖြင့် ထပ်မံကြိတ်ကာ မောင်းနှင်ထွက်ပြေးခဲ့ကြောင်း CCTV မှတ်တမ်းများအရ သိရသည်။

“ကားတိုက်ခံရသူက ရူပဗေဒ ဒုတိယနှစ် ကျောင်းသား။ ပုဇွန်တောင် ညောင်ကုန်း ကျောင်းတိုက်ဝင်းထဲမှာရှိတဲ့ လေသာကျောင်းမှာနေတာ။ အခင်းဖြစ်နေ့က ဆွမ်းချိုင့်သွားပို့ချိန် ကားတိုက်ခံရတာ။ ကျောပေးလမ်းလျှောက်လာချိန်မှာ နောက်ကနေ ကားက ဝင်တိုက်မိလို့ လွင့်ထွက်သွားချိန် ကားနဲ့ ထပ်ကြိတ်ခံရတာကြောင့် သေဆုံးသွားရှာတာ”ဟု အမှတ် (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

ယာဉ်တိုက်မှုဖြစ်စဉ်ကို ပုဇွန်တောင်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်အတွင်း တပ်ဆင်ထားသည့် CCTV ကင်မရာ မှတ်တမ်းများမှ ရရှိခဲ့ပြီးနောက် တိုက်ပြေးယာဉ် RVR အမျိုးအစား အဖြူရောင်ယာဉ်၏ ယာဉ်နံပါတ်ကို ထင်ရှားစွာ မမြင်ခဲ့ရသော်လည်း ယင်းမော်တော်ယာဉ်မှ ယာဉ်နံပါတ်ရှိ အင်္ဂလိပ်အက္ခရာ P နှင့် နောက်ဆုံးဂဏန်း ၇ တို့ကို တွေ့ရှိခဲ့သည်။

ယင်းနောက် ဘုရင့်နောင်ရှိ RVR Service Center သို့ သွားရောက်စုံစမ်းခဲ့ရာ RVR အမျိုးအစား အဖြူရောင်မော်တော်ယာဉ် *P/***7 ယာဉ်တစ်စီးမှာ လာရောက်ပြုပြင်သွားကြောင်း သိရှိရပြီးနောက် ယာဉ်ပိုင်ရှင်၏လိပ်စာကို စုံစမ်းခဲ့ရာ စမ်းချောင်းမြို့နယ်ရှိ အောင်ချမ်းသာလမ်းတွင် နေထိုင်သူဖြစ်ကြောင်း သိရှိခဲ့သည်။

“ယာဉ်ပိုင်ရှင်လိပ်စာအရဆို စမ်းချောင်း၊ အောင်ချမ်းသာလမ်းမှာနေတာ။ ဒါပေမဲ့ သွားစုံစမ်းတော့ အဲဒီနေရာက မြေကွက်လပ်ကြီး။ ခြံပိုင်ရှင်ကဝယ်ထားတာ ၁၀ နှစ်ကျော်ပြီဆိုပေမယ့် အိမ်လာမဆောက်သေးဘူးလို့ ပတ်ဝန်းကျင်က ပြောတယ်။ ဒါနဲ့ RVR ကားဆားဗစ်စင်တာဆီ ပြန်သွားပြီး Butterfly လာလဲ သွားတဲ့ကားရဲ့ ဘောက်ချာစာရင်းကို ပြန်စစ်ရာကနေ ယာဉ်ပိုင်ရှင်နေတဲ့လိပ်စာကို ရခဲ့တာ”ဟု ယာဉ်ထိန်းရဲအရာရှိက ရှင်းပြသည်။

သေဆုံးခဲ့သော အသက် ၂၀ နှစ် ကိုသူရိန်သွေးမှာ ရူပဗေဒအထူးပြုဘာသာရပ်ဖြင့် ဒုတိယနှစ် အဝေးသင်တက်ရောက်နေပြီး ပုဇွန်တောင်မြို့နယ်ရှိ လေသာကျောင်းတွင် ယာယီနေထိုင်စဉ် ဆွမ်းချိုင့်သွားပို့ချိန် ကားတိုက်ခံရခြင်းဖြစ်သည်။

ယာဉ်တိုက်ခံရပြီးနောက် လမ်းပေါ် လဲကျနေစဉ် လူတစ်ဦးရောက်ရှိလာပြီး ကိုသူရိန်သွေး၏ လက်ကိုင်ဖုန်းကိုယူကာ ထွက်ပြေးခဲ့ကြောင်းလည်း CCTV မှတ်တမ်းများတွင် တွေ့ရှိရသည်။

ယင်းနောက် တစ်နာရီကျော်အကြာတွင် စည်ပင်ဝန်ထမ်းများက ကိုသူရိန်သွေးကိုတွေ့ရှိသဖြင့် လမ်းဘေးချကာကယ်တင်နိုင်ရန် ကြိုးစားနေစဉ် ၎င်းမှာ သေဆုံးသွားခဲ့ပြီး လမ်းတစ်လျှောက် တပ်ဆင်ထားသည့် CCTV မှတ်တမ်းများအရ အရှိန်လွန်မောင်းသည့် RVR အမျိုး အစား အဖြူရောင်ယာဉ်မှာ လူတိုက်ပြီးနောက် ဗိုလ်ချုပ်လမ်းမှ သိမ်ဖြူလမ်းအထိ လမ်းပြောင်းပြန် ယာဉ်မောင်းနှင်သွားကြောင်း တွေ့ရှိရသည်။

“စုံမီးဖွင့်ပြီး ကားကို အရှိန်နဲ့မောင်းလာတာ။ အဲဒီအချိန် ဗိုလ်ချုပ်လမ်းပေါ် မောင်းနေတဲ့ ကားသမားတွေထဲက အငှားယာဉ်မောင်းတစ်ယောက်က လမ်းပြောင်းပြန်ကြီး မောင်းလာတဲ့ RVR ကားရဲ့နံပါတ်ကို မှတ်မိခဲ့တယ်။ နောက်နေ့ အွန်လိုင်းပေါ်မှာပျံ့နေတဲ့သတင်းတွေ ဖတ်ရပြီး သူမြင်ခဲ့ရတဲ့ကားရဲ့ ယာဉ်နံပါတ်ကို ယာဉ်ထိန်းရုံးဆီ လာသတင်းပေးခဲ့တယ်။ သူပြောတဲ့ကားနံပါတ်နဲ့ အခုသိမ်းထားတဲ့ ကားနံပါတ်က ကွက်တိပဲ”ဟု ယာဉ်ထိန်းရဲအရာရှိက ပြောသည်။

တိုက်ပြေးယာဉ်မောင်းဟု သံသယရှိသူ ဆေးကျောင်းသားမောင်းနှင်ခဲ့သည့် RVR အမျိုးအစားမော်တော်ယာဉ်မှာ အခင်းဖြစ်နေ့က စုံမီးပွင့်နေလျက် ၎င်းနေထိုင်ရာ ဘုရင့်နောင်၊ ရွှေစပယ်ရိပ်မွန်အိမ်ရာသို့ ပြန်ဝင်လာသည်ကို အိမ်ရာဝင်းတွင် တပ်ဆင်ထားသည့် CCTV မှတ်တမ်းများတွင် တွေ့ရှိခဲ့သည်။

“စုံစမ်းရသလောက်ဆို သူ (ဆေးကျောင်းသား)က အခင်းဖြစ်မတိုင်ခင် ညမှာ သူငယ်ချင်းတွေနဲ့ ကလပ်သွားခဲ့တယ်လို့ သိရတယ်။ ကလပ်မှာသောက်စားပြီး ကားမောင်းအပြန်လမ်းမှာ အခုလိုအထိ ဖြစ်သွားတာလို့ ယူဆရတယ်”ဟု ယာဉ်ထိန်းရဲအရာရှိက ဆိုသည်။

ယာဉ်တိုက်မှုဖြစ်စဉ်ကို ပုဇွန်တောင် မြို့မရဲစခန်းက ပုဒ်မ ၃၀၄-က နှင့် ထွက်ပြေးတိမ်းရှောင်မှု ပုဒ်မ ၂၀၂ တို့ဖြင့် အမှုဖွင့် အရေးယူထားပြီး သေဆုံးသူ ကိုသူရိန်သွေး၏နာရေးကို သန်လျင်မြို့နယ်ရှိ ၎င်း၏မိဘများနေအိမ်တွင် ပြုလုပ်ခဲ့သည်။

S-03