News

POST TYPE

POPULAR POST

မြန်မာ့မတ်ပဲ တရုတ်ဝယ်
07-Sep-2018

ရန်ကုန်၊ စက်တင်ဘာ ၆

အိန္ဒိယဝယ်ယူမှုအပေါ် မှီခိုနေရသည့် မြန်မာ့မတ်ပဲကို တရုတ်နိုင်ငံက မန္တလေး ပဲဈေးကွက်မှတစ်ဆင့် ဝယ်ယူနေကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းထံမှ သိရသည်။

တရုတ်သည် အမျိုးအစားကောင်းသည့် မတ်ပဲ SQ ကို အဓိကဝယ်ယူပြီး ယခုနောက်ပိုင်း မတ်ပဲ FAQ ကိုလည်း စမ်းသပ်ဝယ်ယူလျက်ရှိပြီး ပဲပင်ပေါက်ဖောက်ရန်အပါအဝင် တိရစ္ဆာန်အစာပြု လုပ်ရန်တို့အတွက် ဝယ်ယူခြင်းဖြစ်ကြောင်း အဆိုပါအသင်းထံမှ သိရသည်။

“နယ်စပ်ကနေတစ်ဆင့် ဝယ်တယ်။ ဈေးကတော့ ရန်ကုန်ပေါက်ဈေးအတိုင်းပဲ မန္တလေးဘက်က ပို့တာ”ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောဆိုသည်။

တရုတ်နိုင်ငံက မြန်မာ့မတ်ပဲကို တစ်လလျှင် တန်ချိန် ၅၀၀၀ မှ ၆၀၀၀ ခန့် ပုံမှန်ဝယ်ယူလျက်ရှိသော်လည်း ဝယ်ယူမှုအားမကောင်းကြောင်း ၎င်းက ဆိုသည်။

မတ်ပဲနှင့် ပဲစင်းငုံတို့ကို အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့နေရသော်လည်း ယင်းနိုင်ငံက မတ်ပဲတန်ချိန် တစ်သိန်းခွဲနှင့် ပဲစင်းငုံကို တန်ချိန်နှစ်သိန်းသာ ဇွန်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိသာ ဝယ်ယူသည့်အတွက် ဈေးနှုန်းများသည် စိုက်ပျိုးစရိတ်အောက်သို့ ရောက်ရှိနေကာ တောင်သူများအတွက် အခက်အခဲများစွာ ကြုံတွေ့နေရသကဲ့သို့ ကုန်သည်များလည်း အခက်ကြုံနေရသည်။

လက်ရှိ၌ မတ်ပဲကို အိန္ဒိယနှင့် တရုတ်တို့အပါအဝင် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ နီပေါနှင့် အာဖရိကနိုင်ငံအချို့သို့ တင်ပို့လျက်ရှိသည်။

ရန်ကုန်ဈေးကွက်အတွင်း မတ်ပဲ (FAQ) တစ်တန်လျှင် ကျပ် ၄၅၁,ဝ၀၀၊ မတ်ပဲ (SQ) တစ်တန်လျှင် ကျပ် ၆၁၀,ဝ၀၀ နှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ် ၄၄၃,ဝ၀၀ ဈေးရှိကြောင်း ဘုရင့်နောင်ပဲဈေးကွက်အတွင်းမှ သိရသည်။ 

S-04