News

POST TYPE

POPULAR POST

ဆီဈေးကြောင့် အငှားယာဉ်အချို့ ယာဉ်ပိုင်ရှင်ထံ ပြန်အပ်
06-Sep-2018


ရန်ကုန်၊ စက်တင်ဘာ ၅

ရန်ကုန်မြို့တွင် အငှားတက္ကစီယာဉ်မောင်းအဖြစ် ရပ်တည်နေသည့် ယာဉ်မောင်းများသည် ဆီဈေးမြင့်တက်ခြင်းအပြင် ခရီးသည်ရှားပါးမှုများရှိလာ၍ အငှားယာဉ်အချို့ ယာဉ်ပိုင်ရှင်ထံ ပြန်အပ်နှံမှုများရှိနေကြောင်း အငှားတက္ကစီယာဉ်မောင်းများထံမှ စုံစမ်းသိရသည်။

“တော်တော်များများ ပြန်အပ်နေကြတယ်လို့ ကြားနေရပါတယ်။ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ဆိုရင် ကားပြန်အပ်ပြီး အလုပ်ပြန်ရှာတာ အခုထိမရသေးဘူး”ဟု ရန်ကုန်အငှားတက္ကစီယာဉ်မောင်းအဖွဲ့ YTDG မှ အဖွဲ့ဝင် အငှားတက္ကစီယာဉ်မောင်း ကိုစိုးကြီးက ဆိုသည်။

ဆီဈေးမှာ တစ်လအတွင်း တရိပ်ရိပ်တက်လာရာတွင် ဇူလိုင်လမှ ဩဂုတ်အထိ ဆီဈေးမှာ ပျမ်းမျှ တစ်လီတာကို ကျပ် ၁၀၀ ခန့်အထိ တက်လာပြီး လက်ရှိပေါက်ဈေးမှာ အောက်တိန်း ၉၅ မှာ ကျပ် ၁၀၂၅၊ အောက်တိန်း ၉၂ မှာ ကျပ် ၉၇၅၊ အဆင့်မြင့်ဒီဇယ်မှာ ကျပ် ၁၀၁၅၊ ရိုးရိုး ဒီဇယ်မှာ ကျပ် ၁၀၀၅ တို့ ဖြစ်သည်။

ကိုယ်ပိုင်အငှားယာဉ်ဖြင့် မောင်းနှင်နိုင်ခြင်းမရှိသည့် ယာဉ်မောင်းများသည် ဆီးဈေးမြင့်တက်လာသည့်ဒဏ်ကို သိသိသာသာ ခံစားနေရသည်မှာ နေ့တွက်ခမကိုက်သော်လည်း(အုံနာကြေး) ယာဉ်ပိုင်ရှင်ကို ယာဉ်ငှားရမ်းခ တစ်ရက်တစ်သောင်းပြည့်ရန် ခရီးသည်များကို ပို့ဆောင်နေရပြီး လက်ရှိအခြေအနေဖြင့် ရပ်တည်ရန် ခက်ခဲလွန်းသဖြင့် ယာဉ်များကို ပိုင်ရှင်ထံ ပြန်လည်အပ်နှံနေရခြင်းဖြစ်သည်။

“ခရီးသည်တွေက ဆီဈေးတက်လည်း အရင်ဈေးပဲ ပေးချင်ကြတယ်။ ကိုယ့်အတွက် ကျန်ကျန်၊ မကျန်ကျန် အုံနာကြေး မပြည့်မှာစိုးလို့ မလိုက်ချင်လည်း ပို့ပေးနေရတယ်”ဟု ကိုစိုးကြီးက ဆိုသည်။

လက်ရှိ အငှားတက္ကစီယာဉ်မောင်းများသည် ခရီးသည်ရှားပါးခြင်း၊ ဈေးပိုမရခြင်း၊ မလိုက်ချင်လည်း လိုက်နေရခြင်း၊ လူမရဘဲ ခရီးသည်ရှာနေရခြင်းကြောင့် ဆီပိုကုန်ခြင်းတို့ ကြုံတွေ့နေရပြီး တစ်ရက်ကို အုံနာကြေးပေးပြီး ကျပ် ၁၀၀၀၀ မှ ၁၅၀၀၀ အထိ ကျန်ရှိရာမှ ယခု တစ်ရက်ကို ကျပ် ၅၀၀၀မှ ၇၀၀၀ အထိသာ ကျန်ရှိကြောင်း ၎င်းက ပြောကြားသည်။

“ကျွန်တော့်အသိ လူရင်းတွေထဲမှာတင် ကားပြန်အပ်လိုက်တာ လေးဦးရှိနေပြီ။ ကျန်တဲ့အဖွဲ့တွေမှာလည်း အပ်နေရတယ်လို့ ကြားတယ်။ စာရင်းအတိကျတော့ မသိရဘူးပေါ့” ဟု YTDG အဖွဲ့ဝင် အငှားတက္ကစီယာဉ်မောင်း ကိုစိုးကြီးက ဆိုသည်။

ခရီးစဉ်လမ်းကြောင်းတစ်ခုကို အငှားတက္ကစီခဈေးမေးရင် ဆီဈေးတက်နေသဖြင့် ဈေးပိုတောင်းမှုများနှင့်သာ ကြုံနေရပြီး အချို့ခရီးသည်မှာ ဈေးညှိနှိုင်းမရသောကြောင့် အငှားတက္ကစီမစီးတော့ကြောင်း၊ လက်ရှိ မြင့်တက်နေသည့် ကုန်ဈေးနှုန်းများကြောင့်လည်း ခရီးသည်များဘက်က ဈေးပိုပေးနိုင်ရန် ခက်ခဲကြောင်း ခရီးသည် ဒေါ်ခင်မာမြင့်က ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေသည့် အငှားတက္ကစီယာဉ် ၆၈,၀၀၀ စီး ကျော်ရှိပြီး ရာသက်ပန်အငှားတက္ကစီ AA၊ BB၊ CC၊ DD ယာဉ်မှာ ၄၀,၄၂၉ စီးခန့် ရှိကာ 4G စသည့် အက္ခတွဲယာဉ်မှာ ၂၀၀၀၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။

J-06