News

POST TYPE

POPULAR POST

မကွေးတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်း အမြင့်ဆုံးရောက်
04-Sep-2018
မကွေး၊ စက်တင်ဘာ ၄

မကွေးတိုင်းဒေသကြီးတွင် ၂၀၁၆ မှ ၂၀၁၈ ခုနှစ်အထိ သုံးနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနှုန်း များပြားလာပြီး ထိုရောဂါကြောင့် သေဆုံးသည့် လူဦးရေလည်း တိုးပွားလာကြောင်း ယင်းတိုင်းကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ယင်းတိုင်းအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှုသည် ၂၀၁၆ ခုနှစ်ကထက် ၁၂၀၀ ကျော်ပိုမိုဖြစ်ပွားပြီး ယင်းကာလကထက် သေဆုံးသူဦးရေသည် ၂၀ ကျော်အထိ တိုးပွားလာကြောင်း အဆိုပါဌာနထံမှ သိရသည်။

“တစ်နိုင်ငံလုံးနဲ့ကြည့်ရင် အရင်ဖြစ်နေကျထက် ရန်ကုန်နဲ့ မွန်ပြည်နယ်က သွေးလွန်တုပ်ကွေးရောဂါ ကျဆင်းလာတယ်။ မကွေးကတော့ အရင်နှစ်ကထက်စာရင် နည်းနည်းများလာတယ်။ အဲဒါကြောင့် အသေအပျောက်လည်း များလာတယ်”ဟု မကွေးတိုင်းကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေက ပြောကြားသည်။

သွေးလွန်တုပ်ကွေးရောဂါမှာ ယခင်က ကလေးငယ်များ၌သာ ဖြစ်ပွားခဲ့သော်လည်း ယခုအခါ လူကြီးများလည်း ဖြစ်ပွားလာကြောင်း၊ အဆိုပါရောဂါမှာ ယခင်က မိုးတွင်းသာဖြစ်တတ်ပြီး ယခုအချိန်တွင် တစ်နှစ်ပတ်လုံး ဖြစ်ပွားနေကြောင်း၊ ၂၀၁၈ ဩဂုတ်လက မကွေးတိုင်းအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုသည် ရေစကြို မြို့နယ်က ဖြစ်ပွားမှု အများဆုံးဖြစ်ကြောင်း ယင်းတိုင်းအတွင်း ကောက်ခံထားသည့် စစ်တမ်းများအရ သိရသည်။

မကွေးတိုင်းဒေသကြီးတွင် ၂၀၁၈ ဩဂုတ်လ ၁၉ ရက်နေ့ထိ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူဦးရေ ၂၁၁၂ ဦးတွင် ၂၂ ဦးသေဆုံးခဲ့ပြီး ၂၀၁၇ ခုနှစ်က သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၁၄၉၈ ဦးတွင် ၁၈ ဦးသေဆုံးခဲ့ကာ ၂၀၁၆ ခုနှစ်တွင် ၈၃၃ ဦးဖြစ်ပွားခဲ့ရာတွင် ၁ ဦး သေဆုံးခဲ့ကြောင်း အဆိုပါ တိုင်းကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

R-23