News

POST TYPE

POPULAR POST

ပြည်ဆေးရုံတွင် သွေးလွန်တုပ်ကွေးကြောင့် လေးဦးသေဆုံး၊ ဆေးရုံတက်ကုသသူ ၆၀၀ ကျော်ရှိ
02-Sep-2018
ပြည်၊ စက်တင်ဘာ ၁

ပဲခူးတိုင်း အနောက်ပိုင်း ပြည်ဆေးရုံကြီးသို့ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား၍ ဆေးရုံတက်ကုသရသူဦးရေ ၆၀၀ ကျော်ရှိလာပြီး လေးဦးသေဆုံးကြောင်း ပြည်ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ခင်မေသွင်က ပြောကြားသည်။

ပြည်မြို့သည် တိုင်းဒေသကြီးသုံးခုနှင့် ပြည်နယ်တစ်ခုတို့၏ လမ်းဆုံနေရာ တွင်တည်ရှိပြီး ပြည်မြို့ အထွေထွေရောဂါ ကုဆေးရုံကြီးသို့ ပြည်ခရိုင်အတွင်းမှ လူနာများအပြင် သာယာဝတီခရိုင်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းအထက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့မှ လူနာများတက်ရောက် ကုသမှုရှိသောကြောင့် တက်ရောက်သူ လူနာများပြားခြင်းဖြစ်ကြောင်း အဆိုပါဆေးရုံအုပ်ကြီးထံမှ စုံစမ်းသိရှိရသည်။

“သွေးလွန်တုပ်ကွေးကတော့ တစ်နှစ်ထက်တစ်နှစ်ကတော့ များလာတယ်။ အရင်ကဆိုရင်တော့ သွေးလွန်တုပ်ကွေး လူနာတက်ရောက်မှုမရှိတဲ့ လတွေရှိတယ်ပေါ့နော်။ အခုဆိုရင်တော့ သွေးလွန်တုပ်ကွေးလူနာ လတိုင်းနီးပါးရှိပါတယ်။ တစ်နှစ်ပတ်လုံးပေါ့”ဟု ပြည်မြို့အထွေထွေရောဂါကုဆေးရုံ ဆေးရုံအုပ်ကြီး ဒေါ်ခင်မေသွင်က ပြောဆိုသည်။

သွေးလွန်တုပ်ကွေးဖြစ်ပွာမှုနှုန်း မြင့်တက်လာနေပြီး ရာသီနှင့်ဖြစ်ပွားခြင်း မဟုတ်တော့ဘဲ တစ်နှစ်ပတ်လုံး သွေးလွန်တုပ်ကွေး ဖြစ်ပွားလာနေခြင်းကြောင့် သတိထားရတော့မည့့် အခြေအနေဖြစ်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၇ အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၆၆၉ ဦးရှိပြီး၊ ၅ ဦး သေဆုံးခဲ့ပြီး ယခုနှစ်တွင် ဩဂုတ်လအထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၆၂၆ ဦးရှိပြီး သေဆုံးသူ လေးဦးအထိရှိနေပြီဖြစ်ကြောင်း အဆိုပါဆေးရုံမှ သိရသည်။ 

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်းများလာခြင်းမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးကာ သစ်ပင်များနည်းပါးလာခြင်း၊ မြို့တွင် ကူးသန်းသွားလာမှုများပြားလာခြင်းကြောင့် ကူးစက်ရောဂါထိန်းချုပ်မှု အားနည်းလာခြင်းတို့မှာလည်း အဓိကအကြောင်းအရင်း တစ်ရပ်အနေနှင့် ပါဝင်လာကြောင်း ကျန်းမာရေးဝန်ထမ်းများက သုံးသပ်ပြောဆိုသည်။ 

မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးမှာ ၁၉၆၅ ခုနှစ် ရန်ကုန်မြို့တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၁၉၇၀ ခုနှစ်အရောက်တွင် ရန်ကုန်မြို့၌ ကပ်ရောဂါအသွင် ဖြစ်ပွားခဲ့ပြီး အဆိုပါစတင်ဖြစ်ချိန်မှဖြစ်၍ ယခုချိန်အထိ နှစ်ပေါင်း ၄၀ ကျော်ကာလအတွင်း ရောဂါဖြစ်ပွားမှုနှုန်းမှာ ပိုမိုများပြားလာခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

M-06


  • VIA