News

POST TYPE

POPULAR POST

စော်ဘွားကြီးကုန်းတွင် ဆိုင်ကယ်ကယ်ရီသမားတစ်ဦး ဓားထိုးလုယက်ခံရ
27-Aug-2018

ရန်ကုန်၊ ဩဂုတ် ၂၆ 

အင်းစိန်မြို့နယ်၊ စော်ဘွားကြီး ကုန်းရပ်ကွက်၊ ကန်သာယာလမ်းပေါ်တွင် ဩဂုတ်လ ၂၄ ရက် ည ၁၀ နာရီခွဲခန့်က အသက် ၃၁ နှစ်အရွယ် ဆိုင်ကယ်ကယ်ရီသမားတစ်ဦး ဓားထိုးလုယက်ခံခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှစုံစမ်းသိရသည်။

ယင်းရပ်ကွက်တွင်နေထိုင်သူ ဦးမောင်မောင်လွင်သည် ယင်းနေ့က မိုးရွာနေသောကြောင့် နေအိမ်သို့ပြန်ပြီး ထီးယူစဉ် နေအိမ်ရှေ့အရောက် တစ်ရပ်ကွက်တည်း နေထိုင်သူ အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးက အသင့်ပါလာသောဓားဖြင့် ထိုးလဲကာ ဆိုင်ကယ်နှင့်ငွေများအား လုယက်ထွက်ပြေးသွားခြင်းဖြစ်ကြောင်း၊ ဓားထိုးခံရမှုကြောင့် ညာဘက်ရင်အုံထိုးသွင်းဒဏ်ရာများရရှိကာ အင်းစိန်ဆေးရုံကြီး သို့ တင်ပို့ကုသခဲ့ရကြောင်း ယင်းရဲတပ်ဖွဲ့ထံမှသိရသည်။

“မနေ့က လှိုင်သာယာဘက်မှ မိခဲ့တယ်၊ ဆိုင်ကယ်ရော၊ ငွေတွေရော ပြန်ရခဲ့ပါတယ်။ သေသေချာချာ မစစ်ဆေးရသေးတဲ့အတွက် ဘာကြောင့် ဒီလိုလုပ်ရသလဲတာ မသိရသေးဘူး၊ ဓားထိုးခံရသူကလည်း အင်းစိန်ဆေးရုံမှာ မစိုးရိမ်ရပါဘူး၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၄ နဲ့ အမှုဖွင့်ထားပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

အလားတူ ယင်းနေ့  ည ၁၁ နာရီခန့်က လှည်းကူးမြို့နယ်၊ ဒါးပိန်-မအူလမ်းမပေါ် ရွေတောင်း ပန်ကျေးရွာအကျော် လမ်းပေါ်တွင် အသက် ၁၈ နှစ်အရွယ် ဆိုင်ကယ်ကယ်ရီသမားကို အသက် ၂၄ နှစ် အရွယ် ခရီးသည်အမျိုးသားက အုတ်ခဲနဲ့ထုပြီး ဆိုင်ကယ်လုယက်ထွက်ပြေးသွားသဖြင့် ဒါးပိန်နယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်ဆောင်ရွက်ကာ ဖမ်းဆီးအရေးယူထားသည်။

J-16