News

POST TYPE

POPULAR POST

ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ခြောက်သိန်းကျော်တင်ပို့
24-Aug-2018
ရန်ကုန်၊ ဩဂုတ် ၂၃

ပြည်ပနိုင်ငံများသို့ ပဲမျိုးစုံတင်ပို့မှုအနေနှင့် ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ဩဂုတ်လလယ်အထိ ပဲမျိုးစုံတန်ချိန် ခြောက်သိန်းကျော် တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

“ပဲက ဈေးကွက်လိုအပ်ချက်အပေါ် မူတည်ပြီး ရောင်းရတဲ့အတွက် သတ်မှတ်ချက်မပြည့်လည်း ဈေးကျနေရင် မရောင်းဘဲ ကိုင်ထားတာ ပိုကောင်းတယ်။ ပဲက သုံးနှစ်အထိ ထားလို့ရတယ်။ ဒီနှစ်တန်ချိန်တစ်သန်း မပြည့်လည်း ပြဿာနာမရှိဘူး။ မရှုံးဖို့ပဲ အဓိက”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြောကြားသည်။

လက်ရှိတွင် ပဲဈေးနှုန်းများ ကျဆင်းနေသည့်အတွက် ပဲကုန်သည်များ၊ တောင်သူများအနေနှင့် အကျဈေးနှင့်မရောင်းချဘဲ လက်ဝယ်ရှိသည့်ပဲများကို သိုလှောင်ထားသင့်ပြီး ယခင်နှစ်များက ပြည်ပသို့ ပဲမျိုးစုံ တန်ချိန် တစ်သန်းကျော် ပုံမှန်တင်ပို့နိုင်ခဲ့သော်လည်း ပဲပြည်ပတင်ပို့သည့် ဈေးနှုန်းရရှိမှု လျော့ကျသွားသောကြောင့် တန်ချိန်ခြောက်သိန်းကျော်သာ တင်ပို့နိုင်ခြင်းဖြစ်သည်။ 

“ကျွန်တော်တို့နိုင်ငံက နှစ်စဉ် ပဲမျိုးစုံ တန်ချိန် တစ်သန်းကနေ တစ်သန်းခွဲကြားကို ထုတ်လုပ်ပါတယ်။ သဘာဝဓာတ်ငွေ့ တင်ပို့မှု ဝင်ငွေပြီးရင် သကြားက နိုင်ငံခြားဝင်ငွေအများဆုံးပါ။ အိန္ဒိယက မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းတင်သွင်းမှု ကန့်သတ်ပြီးတဲ့နောက် ပို့ကုန်ပမာဏရော၊ ဈေးနှုန်းရော များစွာကျဆင်းခဲ့ပါတယ်”ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးထွန်းလွင်က ပြောကြားသည်။ 

လက်ရှိပြည်တွင်းတွင် မတ်ပဲ (FAQ) တစ်တန်လျှင် ယခင်ကဈေးအောက် ကျပ်တစ်သောင်းခန့်၊ မတ်ပဲ (SQ) တစ်တန်လျှင် ကျပ်တစ်သောင်းကျော်နှင့် ပဲစင်းငုံတစ်တန်လျှင် တစ်သောင်းခွဲကျော် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း ဘုရင့်နောင် ပဲဈေးကွက်အတွင်းမှ သိရသည်။ 

မြန်မာနိုင်ငံ၏ပဲတင်ပို့မှုမှာ နှစ်စဉ် တန်ချိန် ၁ သန်းမှ ၁ ဒသမ ၂ သန်းအထိ အများဆုံးတင်ပို့နိုင်ပြီး တင်ပို့ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်အထိ ရရှိနေခြင်းဖြစ်ကာ ၂၀၁၇ ခုနှစ်မှစ၍ အိန္ဒိယနိုင်ငံမှ ပဲတင်သွင်းမှုကန့်သတ်လိုက်ခြင်းကြောင့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် တန်ချိန်တစ်သန်းတင်ပို့နိုင်သော်လည်း ပဲဈေးနှုန်းများ ကျဆင်းမှုကြောင့် တင်ပို့ငွေအမေရိကန် ဒေါ်လာသန်း ၇၀၀ သာ ရရှိတော့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားထားသည်။ 

J-11


  • VIA