News

POST TYPE

POPULAR POST

ချောက်တွင် ၁၀ နှစ်အောက်ကလေး ၁၇ ဦး သွေးလွန်တုပ်ကွေးဖြစ်
22-Aug-2018
ချောက်၊ ဩဂုတ် ၂၁ 

မကွေးတိုင်း ချောက်မြို့ ပြည်သူ့ဆေးရုံသို့ ဇူလိုင်နှင့် ဩဂုတ်လအတွင်းအထိ နှစ်လအတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၁၀ နှစ်အောက် ကလေးသူငယ် ၁၇ ဦးရှိကြောင်း ယင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ဆေးရုံတက်ကုသနေသည့် ယင်း ၁၇ ဦးအတွင်း ၁၆ ဦးမှာ ရောဂါသက်သာ ပျောက်ကင်းသွားပြီဖြစ်သဖြင့် ဆေးရုံမှဆင်းသွားပြီဖြစ်ပြီး ကလေးတစ်ဦးသာ ကျန်ရှိတော့ကြောင်း အဆိုပါဌာနထံမှ သိရသည်။

“ပိုးတွေ့တစ်ယောက်ရှိရင် ပိုးတွေ့သူ တစ်ယောက်ရှိတဲ့ ကိုက် ၁၀၀ ပတ်ဝန်းကျင်မှာရှိတဲ့ အိမ်နီးနားချင်းတွေရဲ့ အိုးခွက်တွေ စစ်ဆေးတာ၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်တာ၊ (Abate ဆေး) လောက်လန်းသေဆေး ခတ်တာ၊ ခြင်ဆေးမှုတ်တာတွေကို ပြုလုပ်ပေးတယ်”ဟု ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး အဆင့် ၁ ဦးလှိုင်မြင့်ဟန်က ပြောဆိုသည်။

သွေးလွန်တုပ်ကွေးရောဂါပိုး ရှိသူများသည် မြို့ပေါ်ရပ်ကွက်များမှ အများဆုံး ရောဂါပိုးတွေ့ရှိပြီး ကျေးရွာနှစ်ရွာမှ ကလေးငယ်များလည်း ပါရှိသည်ဟု ၎င်းက ရှင်းပြသည်။

ချောက်တွင် ဇွန်လပိုင်းမှစတင်ပြီး သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်ကာကွယ်နိုင်ရန်အတွက် အပတ်စဉ် စနေနေ့တိုင်း ရပ်ကွက်၊ ကျေးရွာများတွင် အလှည့်ကျ “ဖုံး (ရေအိုးရေကန်များကို အဖုံးဖုံးစေခြင်း)၊ သွန်(ရေအိုးရေကန်များရှိ မသန့်ရှင်းသည့် ရေများကိုသွန်ခြင်း) လဲ (ပိုးလောက်လန်းရှိသည့် ရေများကို အသစ်လဲလှယ်ခြင်း) စစ် (ရေကို ရေစစ်ဖြင့် အသုံးပြုခြင်း)” ပြုလုပ်ပေးပြီး ရေအိုးရေကန်များအတွင်း လောက်လန်းသေဆေးများ (Abate ဆေး) ခတ်ပေးခြင်းများကို လတ်တလော ဆောင်ရွက်ပေးနေကြောင်း ယင်းမြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ 

R-24


  • VIA