News

POST TYPE

POPULAR POST

IS အဖွဲ့၏ လိင်ကျွန်ပြုခံရသူ ယာဇီဒီမျိုးနွယ်ဝင် ဆယ်ကျော်သက် မိန်းကလေးနှင့် တွေ့ဆုံခြင်း
20-Aug-2018
“ကျွန်မကိုဖမ်းခဲ့တဲ့ IS အဖွဲ့ကလူနဲ့ ဂျာမနီမှာ ပြန်တွေ့တယ်”

IS အဖွဲ့သို့ ကျွန်အဖြစ် ရောင်းချခံခဲ့ရသော ယာဇီဒီဆယ်ကျော်သက် မိန်းကလေးတစ်ဦးမှာ လွတ်မြောက်လာခဲ့ပြီးနောက် ဂျာမနီသို့ ထွက်ပြေးခဲ့သည်။ ထို့နောက် သူ့ကိုဖမ်းဆီးခဲ့သူတစ်ဦးနှင့် လမ်းပေါ်တွင် မျက်နှာချင်းဆိုင် ပြန်တွေ့ခဲ့ကြောင်း BBC သတင်းဌာနသို့ ပြောကြားခဲ့သည်။

IS တပ်ဖွဲ့များ အီရတ်မြောက်ပိုင်းရှိ ယာဇီဒီမျိုးနွယ်စုများ အခြေချရာဒေသကို သိမ်းပိုက်ထားစဉ်က အက်ရှ်ဝက်၏အသက်မှာ ၁၄ နှစ်သာရှိသေးသည်။

IS အဖွဲ့များသည် ယာဇီဒီအမျိုးသမီး ထောင်ပေါင်းများစွာကို လိင်ကျွန်များအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ အက်ရှ်ဝက်လည်း အဖမ်းခံခဲ့ရသည်။ ယင်းနောက်တွင် အဘူဟူမမ်ဆိုသူထံ ဒေါ်လာ ၁၀၀ ခန့်ဖြင့် ရောင်းချခံခဲ့ရသည်ဟု ဆိုသည်။

မုဒိမ်းကျင့်ခံ၊ ရိုက်နှက်ခံရသည့်ဘဝမှ သုံးလအကြာတွင် ထွက်ပြေးလွတ်မြောက်လာခဲ့ပြီးနောက် မိခင်ဖြစ်သူ၊ အစ်ကိုတစ်ဦးတို့နှင့်အတူ ဂျာမနီသို့ ရွှေ့ပြောင်းလာခဲ့သည်။

လွန်ခဲ့သော လအနည်းငယ်ခန့်က စူပါမားကက်တစ်ခုရှေ့ လမ်းမပေါ်တွင် လူတစ်ယောက်က သူ့နာမည် လှမ်းခေါ်သည်ကို ကြားခဲ့ရသည်ဟု ဆိုသည်။

“ကျောင်းကိုသွားတဲ့လမ်းမှာ ကားတစ်စင်းက ကျွန်မနားလာရပ်တယ်။ သူက ရှေ့ခန်းမှာထိုင်နေတာ။ ကျွန်မကို ဂျာမန်လို ပြောတယ်၊ နင် အက်ရှ်ဝက် မဟုတ်လား ဆိုပြီးတော့။ ကျွန်မလည်း ကြောက်တာ တုန်နေတာပဲ။ မဟုတ်ဘူး၊ ရှင်ဘယ်သူလဲလို့ ပြန်ပြောလိုက်တာ”။

“သူက နင် အက်ရှ်ဝက်မှန်း ငါသိတယ်၊ ငါက အဘူဟူမမ်လေ”လို့ ပြန်ပြောတယ်။

ယင်းနောက်တွင် အာရဗီစကားဖြင့်ပြောပြီး သူ့ကိုလိမ်၍မရဟု ခြိမ်းခြောက်ခဲ့သည်ဟုဆိုသည်။ ဘယ်မှာနေသည်၊ ဘယ်သူတွေနှင့်နေသည် စသဖြင့် ဂျာမနီရောက် အက်ရှ်ဝက်၏ ဘဝအကြောင်း အကုန်သိထားသည်ဟု အဘူဟူမမ်က ပြောကြားခဲ့သည်ဟု ဆိုသည်။

“ဂျာမနီမှာ ဒီလိုမျိုးကြုံရလိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ခဲ့ဘူး။ ကျွန်မ မိသားစုနဲ့ ကျွန်မတိုင်းပြည်ကနေ ထွက်လာခဲ့တာက အရိုက်ခံရမှုတွေနဲ့ နာကျင်မှုတွေကို ချန်ထားခဲ့ဖို့ပါ။ အခုတော့ IS က ကျွန်မကိုဖမ်းတဲ့သူနဲ့ ပြန်တွေ့နေရတယ်၊ ပြီးတော့အဲဒီလူက ကျွန်မအကြောင်း အကုန်သိနေသေးတယ်”ဟု အက်ရှ်ဝက် က ပြောကြားခဲ့သည်။

အက်ရှ်ဝက်သည် ဖြစ်စဉ်ကို နောက် ငါးရက်အကြာတွင် ရဲတိုင်ခဲ့ပြီး အီရတ်တွင် သူသိသမျှ၊ ကြုံခဲ့ရသမျှအားလုံးကို ထွက်ဆိုခဲ့သည်ဟုဆိုသည်။ တာဝန်ရှိသူများက ပြောကြားချက်များကို မှတ်တမ်းတင်ပြီး သံသယရှိသူပုံစံကို ဖော်ထုတ်ခဲ့ကာ နောက်တစ်ခါထပ်တွေ့လျှင် ချက်ချင်းအကြောင်းကြားရန် ညွှန်ကြားခဲ့သည်ဟု ဆိုသည်။

အက်ရှ်ဝက်က စူပါမားကတ်ရှိ စီစီတီဗီကင်မရာမှတ်တမ်းများကို ပြန်စစ်ရန် ရဲကိုပြောခဲ့သော်လည်း ရဲက စစ်မပေးခဲ့ဟု ဆိုသည်။ တစ်လကြာသည့်တိုင် သတင်းမထူးသောအခါ ညီအစ်မလေးယောက်ရှိရာ အီရတ်သို့ ပြန်ရန်ဆုံးဖြတ်ခဲ့ပြီး ဂျာမနီတွင် ဘဝသစ်ပြန်စရန် မျှော်လင့်ချက်ကို စွန့်လွှတ်ခဲ့သည်ဟု ဆိုသည်။

“ဒါမျိုးက ရှင်တို့ကြုံမိမှာမဟုတ်သလို ဘယ်လိုမျိုးလဲဆိုတာလည်း သိမှာမဟုတ်ဘူး။ လုံးဝ နှလုံးတုန်စရာကြီး။ IS က မုဒိမ်းကျင့်တာခံခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ဟာ အဲဒီလူနဲ့ နောက်တစ်ခေါက်ပြန်တွေ့ရင် ဘယ်လိုနေမလဲဆိုတာ တွေးကြည့်လို့တောင်မရဘူး”ဟု အက်ရှ်ဝက်က ဆိုသည်။

ဂျာမနီတာဝန်ရှိသူများကမူ ရဲတပ်ဖွဲ့သည် အဘူဟူမမ်ဆိုသည်ကို ရှာဖွေရန် အစွမ်းကုန်ကြိုးစားခဲ့သော်လည်း ရှာမတွေ့ခဲ့ဟု ထုတ်ပြန်သည်။ အက်ရှ်ဝက်ကို ထပ်မံဆက်သွယ်ရန် ကြိုးပမ်းချိန်တွင် အက်ရှ်ဝက်မှာ အီရန်ပြန်သွားခဲ့ပြီဖြစ်သည်ဟု ဆိုသည်။

သူ့ဖြစ်စဉ်မှာ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စမဟုတ်ဘဲ IS လက်မှ လွတ်မြောက်ကာ ဂျာမနီတွင် ခိုလှုံနေသော ယာဇီဒီ မိန်းကလေးများ၊ ဂျာမနီတွင် အသွင်ပြောင်းသွားလာနေသော IS အဖွဲ့ဝင်များနှင့် မျက်နှာချင်းဆိုင်တွေ့သည်ဆိုသော ဖြစ်စဉ်များရှိနေကြာင်း ယာဇီဒီအခွင့်အရေးလှုပ်ရှားသည့် ဘာလင်အခြေစိုက် Hawar.Health အဖွဲ့ ထူထောင်သူ ဒူဇန်တက်ကယ်လ်က ဆိုသည်။ သို့သော်လည်း ဖြစ်စဉ်တိုင်း အာဏာပိုင်များကို သတင်းပို့နိုင်ခြင်းမရှိခဲ့ဟုလည်း တက်ကယ်လ်က ဖြည့်စွက်ပြောကြားသည်။  

F-03


  • VIA