News

POST TYPE

POPULAR POST

YBS ၁၀၀ ယာဉ်လိုင်း ပြေးဆွဲ
15-Aug-2018
ရန်ကုန်၊ ဩဂုတ် ၁၄ 

ဒဂုံမြို့သစ်တောင်ပိုင်းမှ ဗိုလ်တထောင်မြို့နယ်ခရီးစဉ်ကို YBS ၁၀၀ ယာဉ်လိုင်းသည် ဩဂုတ်လ ၁၂ ရက်က စတင်ပြေးဆွဲခဲ့ကြောင်း ရန်ကုန်မြို့တော် သယ်ယူပို့ဆောင်ရေးအများနှင့် သက်ဆိုင်သော ကုမ္ပဏီ D G.Y.C.T ထံမှ သိရသည်။

တိုင်းအစိုးရအဖွဲ့က မထသလက်ထက်က ခရီးသည်တင်ယာဉ်လိုင်းများ များပြားနေခြင်းကို လျှော့ချမည်ဟု ပြောကြားခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက် ယာဉ်လိုင်းပေါင်း ၆၀ ဖြင့် YBS ယာဉ်များကို စတင်ပြေးဆွဲခဲ့ရာ လက်ရှိတွင် ယခင်မထသလက်ထက် ယာဉ်လိုင်းပေါင်း သုံးပုံတစ်ပုံအထိ ရောက်ရှိခဲ့ပြီးဖြစ်သည်။

“ကိုယ်က ပြေးမယ်ဆိုပြီး တင်ပြခဲ့တဲ့လိုင်းတော့ မဟုတ်ဘူး။ YRTA က ချပေးတဲ့ ယာဉ်လိုင်းတွေကိုပဲ ပြေးဆွဲခဲ့တာဖြစ်တယ်”ဟု G.Y.C.T ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင် ဦးဌေးဝင်းက ဆိုသည်။

အဆိုပါ YBS ၁၀၀ ယာဉ်လိုင်းကို ကိုရီးယားနိုင်ငံထုတ် Hyundai ယာဉ် အမျိုးအစား ၂၅ စီးဖြင့် တောင်ဒဂုံမင်းရဲ ကောင်းပုံလမ်း (ကျီစု) ဂိတ်ရင်းမှ ၁၀၅ ဈေး၊ ကျောင်းလမ်း၊ ဧရာဝဏ်လမ်း၊ သိမ်ကျောင်း၊ ဆောက်လုပ်ရေး၊ အလိုတော်ပြည့်၊ သစ်ဆိပ်၊ ၁၀ ဈေး၊ သာကေတအဝိုင်း၊ ၇ ဈေး မှတ်တိုင်၊ မြင်တော်သာ၊ ရုပ်ရှင်ရုံ၊ အနော်မာ၊ ၁ ဈေးကွေ့၊ ရန်အောင်၊ ဒေါပုံသင်္ဘောကျင်း၊ ပုဇွန်တောင်ဈေး၊ ညောင်တန်း၊ ဗိုလ်တထောင် (လင်းစဒေါင်း) ခရီးစဉ်တို့ကို ပြေးဆွဲခြင်းဖြစ်ကြောင်း G.Y.C.T ကုမ္ပဏီထံမှ သိရသည်။

မထသစနစ်မှ YBS စနစ်ကို ပြောင်းလဲခဲ့ရာတွင် ယာဉ်လိုင်းပေါင်း ၁၀၀ မှ ၁၂၀ အထိသာ ထားရှိမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA မှ တာဝန်ရှိသူက ပြောကြားသည်။

“ခရီးသည်တွေရဲ့ လိုအပ်ချက်အရ တောင်းဆိုတာတွေလည်းရှိတယ်။ ဒါကြောင့် ယာဉ်လိုင်းအသစ်တွေ တိုးချဲ့ပြေးဆွဲပေးတာပါ”ဟု ၎င်းက ဆိုသည်။

ခရီးသည်အများစုသည် ယာဉ်လိုင်းအသစ် တိုးချဲ့ပြေးဆွဲခြင်းကို လက်ခံပြီး YBS စနစ်သစ်ဖြင့် ပြေးဆွဲခဲ့ချိန်တွင် အချို့ခရီးလမ်းကြောင်းတွင် ယာဉ်လိုင်းများ ပြေးဆွဲခြင်းမရှိသဖြင့် ခရီးသွားပြည်သူများ စီးနင်းမှုအခက်အခဲရှိခဲ့ကာ လမ်းကြောင်းအသစ်များဖြင့် ယာဉ်စီးရေ များပြားလာခြင်းကို သဘောကျနှစ်သက်ကြောင်း တောင်ဒဂုံမြို့နယ်နေ ခရီးသည်တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တော် သယ်ယူပို့ဆောင်ရေးအများနှင့်သက်ဆိုင်သော ကုမ္ပဏီ G.Y.C.T သည် YBS ၁၊ ၆၊ ၉၊ ၁၆၊ ၁၉၊ ၂၃၊ ၃၉၊ ၅၇၊ ၆၀၊ ၁၀၀ ယာဉ်လိုင်းများကို ယာဉ်စီးရေ ၆၀၀ ဝန်းကျင်ဖြင့် နေ့စဉ်ပြေးဆွဲလျက်ရှိကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

ဩဂုတ်လ ၁၁ ရက်က Omni Focus ကုမ္ပဏီအနေနှင့် YBS ၉၉ ယာဉ်လိုင်းသစ်ကို ယာဉ်စီးရေ ၄၀ စီးဖြင့် ဒဂုံဧရာအဝေးပြေးမှ ရွှေလီအိမ်ရာ (ဒဂုံဆိပ်ကမ်း) ခရီးစဉ်ကို ပြေးဆွဲခဲ့သည်။ 

J-06


  • VIA