News

POST TYPE

POPULAR POST

သွင်းကုန်လုပ်ငန်းရှင်များကို ဒေါ်လာထုတ်ရောင်းရန် ဗဟိုဘဏ် စီစဉ်
14-Aug-2018
ရန်ကုန်၊ ဩဂုတ် ၁၃ 

နိုင်ငံခြားငွေ လဲလှယ်နှုန်းများ မြင့်တက်နေခြင်းကြောင့် ငွေကြေးဈေးကွက်အတွင်း လိုအပ်ချက်ရှိနေသော နိုင်ငံခြားငွေ ဖြည့်ဆည်းပေးနိုင်ရန်အတွက် သွင်းကုန်လုပ်ငန်းရှင်များကို အမေရိကန်ဒေါ်လာ ထုတ်ရောင်းပေးရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်အကြီးတန်း အရာရှိတစ်ဦးက The Voice Daily သို့ ပြောကြားသည်။

ဆေးဝါးများနှင့် ဆောက်လုပ်ရေး လုပ်ငန်းများကဲ့သို့ ပြည်တွင်းလိုအပ်ချက် အဓိကသွင်းကုန်များ တင်သွင်းပေးရသော လုပ်ငန်းများကိုသာ ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် ဗဟိုဘဏ်က ထုတ်ရောင်းပေးမည်ဖြစ်ပြီး လုပ်ငန်းရှင်များကလည်း မိမိလိုအပ်သည့် ဒေါ်လာပမာဏနှင့် ကိုက်ညီသော မြန်မာငွေကျပ်ပမာဏကို ဘဏ်များထံ၌ စရန်ငွေအဖြစ် ပြန်လည်ထားရှိရမည်ဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

“အခုက သက်ဆိုင်ရာဝန်ကြီးဌာနတွေရယ်၊ ဗဟိုဘဏ်ကို အကြံပေးနေတဲ့ ကမ္ဘာ့ဘဏ်၊ IMF တို့နဲ့ ဒီကိစ္စကို ဆွေးနွေးနေတယ်။ အမှန်တကယ်လိုတဲ့ လုပ်ငန်းတွေကို ထုတ်ရောင်းပေးမှာ။ ဘယ်လောက်ပမာဏအထိ ထုတ်ရောင်းမယ်ဆိုတာတော့ မဆုံးဖြတ်ရသေးဘူး”ဟု ၎င်းက ဆိုသည်။ 

မြန်မာနိုင်ငံသည် ပြည်ပမှ သွင်းကုန်များကို အဓိကတင်သွင်းနေရသည့် နိုင်ငံတစ်ခုဖြစ်ပြီး လက်ရှိအချိန်တွင်လည်း သွင်းကုန်တင်သွင်းမှုနှင့် ပို့ကုန်တင်ပို့မှုတွင် များစွာကွာဟနေကာ ယခုကဲ့သို့ သွင်းကုန်လုပ်ငန်းရှင်များကို ဒေါ်လာထုတ်ရောင်းပေးမည်ဆိုပါက ဒေါ်လာဈေးနှုန်း ဆက်တိုက်မြင့်နေမှုကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း စီးပွားရေးပညာရှင် ဦးလှမောင်က သုံးသပ်ပြောကြားသည်။

“ဒီလိုမျိုးက အရင်ကလည်း လုပ်ပါတယ်။ ဒီကိစ္စကို စီးပွားကူးသန်းနဲ့ ဗဟိုဘဏ်တို့ ပူးပေါင်းပြီး သေချာလုပ်မယ်ဆိုရင်တော့ အခု အတက်ကြမ်းနေတဲ့ ဒေါ်လာဈေးငြိမ်တာတို့၊ ပြန်ကျတာတို့ ဖြစ်လာနိုင်တယ်”ဟု ၎င်းက ပြောဆိုသည်။

လတ်တလောတွင် ယင်းကိစ္စနှင့်ပတ်သက်၍ အသေအချာမသိရှိသေးသော်လည်း လုပ်ငန်းရှင်များကို ဒေါ်လာထုတ်ရောင်းမည်ဆိုခြင်းမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဒေါ်လာဈေးနှုန်းမြင့်တက်နေမှုကို ထိန်းချုပ်မည့် နောက်ထပ်အစီအစဉ်တစ်ခု ဖြစ်နိုင်ကြောင်း ပုဂ္ဂလိက ဘဏ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အခုကတော့ သူတို့ (ဗဟိုဘဏ်) က ဘဏ်တွေကို တစ်ရက် တစ်သိန်းလောက်ဆိုပြီး ထုတ်ရောင်းပေးနေတယ်။ အခုအစီအစဉ်ကတော့ ဗဟိုဘဏ်ရဲ့ နောက်ထပ်လုပ်မယ့် အစီအစဉ်တစ်ခု ဖြစ်မယ်ထင်တယ်။ ဒါက ကောင်းတဲ့အစီအစဉ်ပါ”ဟု ၎င်းက ဆိုသည်။

ပြည်တွင်းငွေကြေး ဈေးကွက်တွင် အမေရိကန်ဒေါ်လာလဲလှယ်နှုန်းသည် ဆက်တိုက်မြင့်တက်နေခြင်းဖြစ်ကာ လက်ရှိအချိန်တွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ကျပ် ၁၄၇၀ ကျော်အထိ စံချိန်တင် မြင့်တက်လျက်ရှိသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်နေမှုကို ထိန်းချုပ်နိုင်ရန်အတွက် ဇူလိုင်လ ၂၇ ရက်နေ့မှ စတင်ကာ ပုဂ္ဂလိကဘဏ်များသို့ တစ်ရက်လျှင် အမေရိကန်ဒေါ်လာ တစ်သိန်းဝန်းကျင် ထုတ်ရောင်းလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။ 

J-01


  • VIA