POST TYPE

POPULAR POST

ရန်ကုန်စာတိုက်ကြီးသို့ အမေရိကမှပေးပို့သည့် ပါဆယ်ထုပ်အတွင်း မူးယစ်ဆေးဝါးများတွေ့
12-Aug-2018

ရန်ကုန်၊ ဩဂုတ် ၁၁ 

ရန်ကုန်စာတိုက်ကြီး၊ ပြည်ပ စာပို့လုပ်ငန်း အကောက်ခွန် စစ်ဆေးရေးဌာနတွင် ဩဂုတ်လ ၈ ရက် ညနေ ၅ နာရီခွဲခန့်က အမေရိကန်ပြည်ထောင်စုမှ ပေးပို့သည့် အထုပ်တစ်ထုပ်အတွင်းမှ မူးယစ်ဆေးဝါးများ တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှစုံစမ်းသိရသည်။

ယင်းမူးယစ်ဆေးဝါးပါသည့် အထုပ်ကို ကမာရွတ်မြို့နယ်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးထံ ပေးပို့ခဲ့ခြင်းဖြစ်ပြီး စာတိုက်ဝန်ထမ်းအမျိုးသားတစ်ဦးက ကိုယ်စားလာရောက်ထုတ်ယူစဉ် အကောက်ခွန် စစ်ဆေးရေးဌာနမှ ဖွင့်ဖောက်စစ်ဆေးရာ ဆေးခြောက်ဟုယူဆရသော အရိုးအရွက်ရောရာ စုစုပေါင်း ၅၄ ဂရမ်ခန့်နှင့် ဆေးခြောက်အဆီဟုယူဆရသော လိမ္မော်ရောင် ပုံဆောင်ခဲ ၁၃ ဒသမ ၂ ဂရမ်ခန့်တို့ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ ယင်းရဲတပ်ဖွဲ့ထံမှသိရသည်။

“အမေရိကန်နိုင်ငံကနေ စာအိတ် ကုတ်နံပါတ်နဲ့ပို့တာ၊ ပို့သူက ဘယ်သူမှန်း မသိရဘူး၊ စာတိုက်ဝန်ထမ်းက ထုတ်ခိုင်းတဲ့သူနဲ့ ဖုန်းအဆက်အသွယ်ရတယ်။ ဖွင့်စစ်လိုက်တော့ မူးယစ်ဆေးဝါးတွေ ဖြစ်နေတာနဲ့ ပိုင်ရှင်ကိုယ်တိုင် လာရောက် ထုတ်ယူဖို့ပြောတော့ လက်ခံမယ့် ကောင်မလေး မှတ်ပုံတင်မိတ္တူပို့ပေးတယ်။ ပြန်ဆက်သွယ်တော့ ဖုန်းပိတ်သွားတာ။ အထဲမှာ ဘာပါသလဲဆိုတာ သဘောပေါက်သွားလို့ ထင်တယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ယင်းမူးယစ်ဆေးဝါးတွေ့ရှိမှုနှင့် ပတ်သက်၍ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မူးယစ်တပ်ဖွဲ့စု (၄၂) မှ ရဲအုပ်ကျော်ကျော်အောင်က စာတိုက်ဝန်ထမ်းအမျိုးသားနှင့် ပါဆယ်ထုပ်ကို ထုတ်ယူပေးရန်စေခိုင်းသူ အမျိုးသားနှင့်လက်ခံမည့်သူ အမျိုးသမီးကို ဥပဒေအရ အရေးယူပေးပါရန် တရားလိုပြုလုပ်တိုင်တန်းသဖြင့် ကျောက်တံတား မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆ (ဂ) ဖြင့် အမှုဖွင့်ဆောင်ရွက်ထားသည်။

J-16