News

POST TYPE

POPULAR POST

YBS ၂၁ လက်မှတ်စစ်မည်
10-Aug-2018


ရန်ကုန်၊ ဩဂုတ် ၈

YBS ယာဉ်လိုင်းပြေးဆွဲမှုတွင် ယာဉ်မောင်းက ယာဉ်စီးခကောက်ခံခြင်းနှင့် ခရီးသည်က ယာဉ်စီးခ ထည့်ဝင်မစီးခြင်း စသည့်မသမာမှုများကို ထိန်းချုပ်ရန် လက်မှတ်စစ်များဖြင့် စစ်ဆေးမည်ဖြစ်ကြောင်း Power Eleven ကုမ္ပဏီအုပ် ချုပ်မှုဒါရိုက်တာ ဦးသက်တင်ဝင်းက ပြောကြားသည်။

“ဒီစနစ်က အမြန်ဆုံးအကောင် အထည်ဖော်သင့်တဲ့အရာပါ။ အခုဆိုရင် ယာဉ်မောင်းတွေက ယာဉ်စီးခကို တောင်းနေတာတွေ အများကြီး။ နောက်ခရီးသည်ကလည်း ယာဉ်စီးခကို မထည့်ဘဲ စီးတာတွေရှိနေတယ်။ ဒါကို ထိန်းချုပ်တဲ့သဘောပါ”ဟု ၎င်းက ဆိုသည်။

YBS ၂၁ ယာဉ်လိုင်းတွင် ခရီးသည်များကို လက်မှတ်များဖြင့် စီးနင်းခြင်းကို စမ်းသပ်ကာလအဖြစ် ဆောင်ရွက်နေပြီဖြစ်ပြီး အဆိုပါလက်မှတ်တွင် ယာဉ်ပေါ်တွင် တစ်ခါတည်း ထုတ်ယူရမည်ဖြစ်ကာ လက်ရှိတွင် ခရီးသည်များမှာ လက်မှတ်များကို ယူဆောင်ခြင်းမရှိဘဲ စီးနင်းမှုများရှိနေကြောင်း ၎င်းက ပြောကြားသည်။

“လက်မှတ်ထုတ်ပေးတဲ့စက်က တစ်ရက်ကို ခရီးသည်ဘယ်နှဦးမှာ ယာဉ်စီးခ ဘယ်လောက်ရှိတယ်ဆိုတာကို အတိအကျဖော်ပြတယ်။ အဲဒီတော့ ယာဉ်မောင်းက ငွေယူလို့မရဘူး။ လက်ရှိပြဿနာက ခရီးသည်တွေက လက်မှတ်ပေးတာကို မထုတ်ယူဘဲစီးတော့ ဖြတ်ပိုင်းမှာ ၃၀ ရာခိုင်နှုန်းလောက်က စာရင်းမရှိဘူး”ဟု ၎င်းက ဆိုသည်။

ထိုကဲ့သို့အခြေအနေကို ထိန်းချုပ်ရန် ခရီးသည်များကို လက်မှတ်စစ်များဖြင့် ရှောင်တစ်ခင်စစ်ဆေးမည်ဖြစ်ပြီး စစ်ဆေးရေးအဖွဲ့တစ်ဖွဲ့လျှင် ငါးဦးပါဝင်ကာ ကားများဖြင့် လိုက်လံစစ်ဆေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လကပြောကြားသည်။

ယင်းလက်မှတ်စနစ် ဖော်ဆောင်ခြင်းမှာ တိုင်းအစိုးရ၏ကတ်စနစ် ဖော်ဆောင်ချိန်တွင် ခရီးသွားပြည်သူများ ကတ်စနစ်နှင့် အသားကျရန် ကြိုတင်ဆောင်ရွက်ခြင်းဖြစ်ပြီး ကတ်စနစ်အကောင် အထည်ဖော်ရန်မှာ အချိန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ဦးသက်တင်ဝင်းက ပြောကြားသည်။

Power Eleven ကုမ္ပဏီသည် YBS ၂၁ ယာဉ်လိုင်းတွင် ယာဉ်စီးရေ ၈၃ စီးဖြင့် နေ့စဉ်ပြေးဆွဲလျက်ရှိပြီး လက်မှတ်များဖြင့် စီးနင်းခြင်းကို ယာဉ်တစ်လိုင်းလုံးတွင် ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေသော YBS ယာဉ်လိုင်းများတွင် Yangon Payment Services(YPS) ငွေပေးချေကတ်စနစ်ကို တင်ဒါအောင်မြင်ခဲ့သော Asia Starmar Transport Intelligent ကုမ္ပဏီက သုံးလအတွင်း လုပ်ငန်းအကောင်အထည်ဖော်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

J-06



  • VIA