News

POST TYPE

POPULAR POST

အောင်ရဲထွေးအမှုမှ လွတ်မြောက်ခဲ့သူ သုံးဦး တိုင်းတရားလွှတ်တော်ထံ လာရောက် သတင်းပေးပို့
08-Aug-2018


ရန်ကုန်၊ ဩဂုတ် ၇

ဟာသသရုပ်ဆောင် အောင်ရဲထွေးအသတ်ခံရမှုမှ အမှုရုပ်သိမ်းပြီး လွတ်မြောက်ခွင့်ရခဲ့သူ သန်းထွဋ်အောင် (ခ) သားကြီးအပါအဝင် သုံးဦးသည် သမ္မန်စာဆင့်ခေါ်မှု အရ ဩဂုတ်လ ၇ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ထံသို့ လာရောက်သတင်းပေးပို့ခဲ့သည်။

အမှုရုပ်သိမ်းခြင်းနှင့်ပတ်သက်၍ ရာဇဝတ်ပြင်ဆင်မှု အမှတ် ၂၉၆ (ခ) အရ လျှောက်ထားခံရသည့် သန်းထွဋ်အောင် (ခ) သားကြီး၊ ပြည့်ဖြိုးအောင် (ခ) အောင်လေး နှင့် ကျော်ဇော (ခ) ကျော်ဇောဟန်တို့ သုံးဦးက လာရောက်သတင်းပေးပို့ခဲ့ပြီး ၎င်းတို့ဘက်က ရှေ့နေများက ကိုယ်စားလှယ်လွှဲစာများ တင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှ သတင်းနှင့်ပြန်ကြားရေးအရာရှိ ဒေါ်နွဲ့နွဲ့ဦးက ပြောသည်။

“အမှုတွဲလည်း ရောက်ပြီ။ ပြင်ဆင်မှု လျှောက်ထားခံရသူတွေလည်း ရုံးတော်ဆီ သတင်းလာပို့သွားပြီမို့ ဒီအမှု လျှောက်လဲချက် ကြားနာမယ့်နေ့ကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် ဖေ့စ်ဘွတ်ခ် စာမျက်နှာနဲ့ ရုံးရှေ့က ကြော်ငြာသင်ပုန်းတွေမှာ သုံးပတ်ကြိုပြီးတော့ အသိပေးထုတ်ပြန်ပေးပါမယ်”ဟု ဒေါ်နွဲ့နွဲ့ဦးက ပြောသည်။

ယင်းအမှုကို စတင်စစ်ဆေးခဲ့သည့် အရှေ့ပိုင်းခရိုင် တရားရုံး ရာဇဝတ်ကြီးမှု အမှတ် ၃၄/၂၀၁၈ ၏ အမှုရုပ်သိမ်းလိုက်သည့် အမိန့်နှင့် ပတ်သက်ပြီး ပြင်ဆင်သင့် မပြင်ဆင်သင့်ကို တိုင်းတရားလွှတ်တော်တွင် နှစ်ဖက်လျှောက်လဲချက် ကြားနာမည်ဖြစ်ကာ ပြင်ဆင်ခဲ့သည်ရှိသော ခရိုင်တရားရုံး၏ အမိန့်ကို ပယ်ဖျက်မည်ဖြစ်ပြီး ယင်းပြင်ဆင်မှုကို ယခင်စွဲဆိုထားသည့် ပုဒ်မဖြင့် ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ရာဇဝတ်ပြင်ဆင်မှု လျှောက်ထားခံရသည့် သန်းထွဋ်အောင် (ခ) သားကြီးနှင့် ပြည့်ဖြိုးအောင် (ခ) အောင်လေးတို့ဘက် မှ တရားလွှတ်တော်ရှေ့နေများဖြစ်သော ဦးရွှေလှိုင်တင်၊ ဦးတင်လှိုင်နှင့် ဒေါ်ခင်အေး လှိုင်တို့က ကိုယ်စားလှယ်လွှဲစာ တင်ခဲ့ပြီး ကျော်ဇော (ခ) ကျော်ဇောဟန်အတွက် တရားလွှတ်တော်ရှေ့နေ ဦးချစ်ကိုကိုက ကိုယ်စားလှယ် လွှဲစာတင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ထံမှ သိရသည်။

အဆိုပါအမှုတွင် နောက်ခံအကြောင်းအရင်း၊ အခြားဆက်နွှယ်ပတ်သက်မှုများနှင့် စပ်လျဉ်း၍ တိကျစွာစိစစ်ပြီး ဥပဒေနှင့်အညီ မှန်ကန်စွာ ဆောင်ရွက်ရေးအတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ၎င်း၏ အိမ်တော်တွင် ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌတို့ကို တွေ့ဆုံလမ်းညွှန်မှာကြားခဲ့ပြီး ကော်မရှင်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၃ (ဂ) အရ ကျော်စော သတင်းအဖြစ် သတ်မှတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

S-03


  • VIA