POST TYPE
POPULAR POST
YBS ၂၁ ယာဉ် တစ်လိုင်းလုံး ယာဉ်စီးခပြေစာ ထုတ်ပေးသည့်စက် တပ်မည်
07-Aug-2018
ရန်ကုန်၊ ဩဂုတ် ၆
ရန်ကုန်မြို့အတွင်း ခရီးသွားပြည်သူများကို ဝန်ဆောင်မှုပေးသည့်အနေနှင့် ခရီးစဉ်အပိုင်းလိုက် ယာဉ်စီးခကျသင့် ငွေပြေစာထုတ်ပေးသည့်စက်ကို YBS ၂၁ ယာဉ်လိုင်းတစ်လိုင်းလုံးတွင် တပ်ဆင်မည်ဖြစ်ကြောင်း Power Eleven ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးသက်တင်ဝင်းက ပြောကြားသည်။
“စမ်းသပ်ကာလအဖြစ် တပ်ဆင်အသုံးပြုလာတာ နှစ်လရှိနေပါပြီ။ အခုဆိုရင် စက်က အမှားဖြစ်တာ အတော်ကို နည်းသွားပါပြီ။ ခရီးသည်နဲ့ယာဉ်မောင်းတို့ အံဝင်ခွင်ကျဖြစ်ပြီးဆိုရင်တော့ YBS ၂၁ တစ်လိုင်းလုံး တပ်ဆင်သွားမှာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။
စမ်းသပ်ကာလအဖြစ် ဇွန်လက YBS ၂၁ ယာဉ်လိုင်းတွင် ယာဉ်စီးခ ကျသင့်ငွေပြေစာထုတ်ပေးသည့်စက်ကို စမ်းသပ်တပ်ဆင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လကိုလည်း စမ်းသပ်ကာလအဖြစ်သာ ထားရှိဦးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“ယာဉ်မောင်းက တကယ်တော့ ခရီးသည်တွေ တက်လာရင် ယာဉ်စီးခ ထည့်တာကိုစိစစ်တဲ့ ဝန်ဆောင်မှုကို လုပ်ဆောင်ရမှာဖြစ်တယ်။ ခရီးသည်အနေနဲ့လည်း ယာဉ်နောက်လိုက် မပါတာသိနေပြီး ဖြစ်တဲ့အတွက် အကြွေဆောင်လာရမှာဖြစ်တယ်။ နည်းပညာပိုင်းက အဆင်သင့်ဖြစ်နေတော့ စက်တွေကို ဘယ်အချိန် စတပ်တပ်ရနေပါပြီ”ဟု ၎င်းက ဆိုသည်။
အဆိုပါ ကျသင့်ငွေပြေစာထုတ် စက်မှာ တရုတ်နိုင်ငံထုတ်အမျိုးအစားဖြစ်ပြီး စက်တစ်လုံး၏တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၆၀၀ ဖြစ်ကာ ယင်းစက်တပ်ဆင်ခြင်းမှာ ခရီးသည်တင်ယာဉ်လိုင်းများတွင် ခရီးသည်စီးနင်းမှုအဆင်ပြေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်၍ လူထုမိတ်ဆွေ ပြည်သူ့အကျိုးပြု ယာဉ်လိုင်းကုမ္ပဏီလက်အောက်ရှိ ယာဉ်လိုင်းများတွင်ပါ တပ်ဆင်မည်ဖြစ်ကြောင်း Power Eleven ကုမ္ပဏီထံမှ သိရသည်။
လက်ရှိ Power Eleven ကုမ္ပဏီအနေနှင့် YBS ၂၁ ယာဉ်လိုင်းကို ယာဉ်စီးရေ ၈၃ စီးဖြင့် နေ့စဉ်ခရီးသည် သယ်ယူပို့ဆောင်လျက်ရှိကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။
J-06
- VIA
- Thura Htun
- SOURCES
- The Voice
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
15-Feb-2019