News

POST TYPE

POPULAR POST

အောင်ရဲထွေး အသတ်ခံရမှုမှ စွပ်စွဲခံရသူ သုံးဦးကို စီအိုင်ဒီ ခေါ်စစ်
ရန်ကုန်၊ ဩဂုတ် ၅

ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုမှ အမှုရုပ်သိမ်းပြီး လွတ်မြောက်ခွင့်ရခဲ့သည့် သန်းထွဋ်အောင် (ခ) သားကြီး အပါအဝင် သုံးဦးကို စီအိုင်ဒီက ဩဂုတ်လ ၅ ရက် (ယနေ့)တွင် ခေါ်စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်နေကြောင်း ၎င်းတို့၏ မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။

အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းရှိ မှုခင်းရဲတပ်ဖွဲ့ (စီအိုင်ဒီ) ရုံးဝင်းတွင် ခေါ်စစ်ဆေးခံနေရသော သန်းထွဋ်အောင် (ခ) သားကြီး အပါအဝင် သုံးဦးကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့က ခေါ်ယူစစ်ဆေးမေးမြန်းနေသည်ဟု ၎င်းတို့၏ မိသားစုဝင်များက ထင်မြင်ယူဆကြသော်လည်း အမည်မဖော်လိုသည့် စီအိုင်ဒီက ရဲအရာရှိတစ်ဦးကမူ ယင်းအမှုပြန်လည် တည်ဆောက်နိုင်ရန်အတွက် ခေါ်ယူစစ်ဆေး မေးမြန်းနေခြင်းဖြစ်နိုင်ကြောင်း သုံးသပ်သည်။

“ရာဇဝတ်ကျင့်ထုံး ဥပဒေ ၄၉၄ အရ အမှုရုပ်သိမ်းပေးလိုက်တဲ့ အမှုတွေကို ရာဇဝတ်ပြင်ဆင်မှု တက်ရောက်လာပြီဆို ဒီအမှုကို အစကနေ ပြန်လည်စစ်ဆေးရပြီး အမှုပြန်လည်တည်ဆောက်ပေးရတယ်။ ဒါက လုပ်ထုံးလုပ်နည်းတွေအရပေါ့။ ပြီးတော့ အဂတိက ကိုင်တွယ်စစ်ဆေးမယ်ဆို ဘယ်အဖွဲ့အစည်းမှ ပါဝင်လို့မရသလို စီအိုင်ဒီရုံးဝင်းထဲမှာလည်း လာစစ်ဆေးနေမှာ မဟုတ်ပါဘူး”ဟု စီအိုင်ဒီမှ ရဲအရာရှိက ရှင်းပြသည်။

မှုခင်းတပ်ဖွဲ့က ခေါ်စစ်ဆေးခံနေရသည့် သန်းထွဋ်အောင် (ခ) သားကြီး အပါအဝင် သုံးဦးမှာ အချုပ်လွတ်ဖြင့် အမှုရင်ဆိုင်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ထံမှ သိရှိရပြီးနောက် လက်ရှိရုံးတော်က ပေးပို့ထားသည့် သမ္မန်စာများကို ရရှိထားသူများက လာမည့် ဩဂုတ်လ ၇ ရက်နေ့တွင် တိုင်းတရားလွှတ်တော်ထံသို့ လူကိုယ်တိုင် သွားရောက် သတင်းပေးပို့ရမည်ဖြစ်ကြောင်း ၎င်းတို့၏ မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။

အောင်ရဲထွေး သေဆုံးမှုမှ လူသတ်မှုပုဒ်မဖြင့် အရှေ့ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆို စစ်ဆေးခံနေရသော သန်းထွဋ်အောင် (ခ) သားကြီး၊ ပြည့်ဖြိုးအောင် (ခ) အောင်လေးနှင့် ကျော်ဇောဟန်(ခ) ကျော်ဇောတို့သုံးဦးကို ရန်ကုန်အရှေ့ပိုင်းခရိုင်မှ ဒုခရိုင်တရားသူကြီး ဦးအောင်ကြည်က ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၄ (က) အရ အမှုရုပ်သိမ်း ပြန်လွှတ်ပေးခဲ့သောကြောင့် တရားစီရင်ရေးကဏ္ဍအပေါ် ဝေဖန်မှုများ မြင့်တက်ခဲ့သဖြင့် ပြည်ထောင်စုရှေ့နေချုပ်၏ ညွှန်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံးက တိုင်းတရားလွှတ်တော်ထံသို့ ရာဇဝတ်ပြင်ဆင်မှုကို လျှောက်ထားခဲ့သည်။

အဆိုပါအမှုမှာ နောက်ခံ အကြောင်းအရာများနှင့် အခြားပတ်သက်ဆက်နွှယ်နေမှုများကို တိကျစွာ စိစစ်၍ ဥပဒေနှင့်အညီ မှန်ကန်စွာ ဆောင်ရွက်နိုင်ရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့က ကိုင်တွယ်မည်ဖြစ်ကြောင်း ယင်းကော်မရှင်ထံမှ သိရှိရပြီးနောက် ယနေ့ စီအိုင်ဒီက ခေါ်စစ်ဆေးမေးမြန်းသည့် သန်းထွဋ်အောင် (ခ) သားကြီး အပါအဝင် သုံးဦးနှင့်ပတ်သက်၍ The Voice Daily က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံသို့ ဩဂုတ်လ ၅ ရက်က ဆက်သွယ်မေးမြန်းခဲ့ရာ ကော်မရှင်၏ ဆောင်ရွက်ချက်များကို အများပြည်သူ သိသင့်သိထိုက်သည့်အချိန်တွင် တရားဝင် သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ယင်းကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ညွန့်က ပြန်လည်ဖြေကြားပေးခဲ့သည်။

S-03