News

POST TYPE

POPULAR POST

ရန်ကုန်တွင် ကွမ်းတံတွေး ထွေးပါက နိုဝင်ဘာလမှစ၍ ကျပ်ငါးသောင်းထိ ဒဏ်ရိုက်မည်
03-Aug-2018
ရန်ကုန်၊ ဩဂုတ် ၂

ရန်ကုန်မြို့ရှိ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာနှင့် လမ်းများပေါ်သို့ ကွမ်းတံတွေးထွေးပါက လာမည့်နိုဝင်ဘာလမှစ၍ ကျပ်သုံးသောင်းမှ ငါးသောင်းအထိ ဒဏ်ရိုက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) မှ အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေသစ်အရ အများပြည်သူနှင့်သက်ဆိုင်သည့်နေရာနှင့် လမ်းများပေါ်သို့ ကွမ်းတံထွေး ထွေးခြင်း၊ အညစ်အကြေးစွန့်ပစ်ခြင်းနှင့် အိမ်မွေးတိရစ္ဆာန်အညစ်အကြေးများ စွန့်ပစ်ပါက ဒဏ်ကြေးကျပ် ၃ သောင်းမှ ၅ သောင်းအထိ ပေးဆောင်ရမည်ဖြစ်သည်။

လက်ရှိတွင် ဩဂုတ်လမှစ၍ သုံးလတာကာလအထိ ပညာပေးကာလသတ်မှတ်ထားပြီး ပညာပေးကာလပြီးဆုံးပါက အရေးယူမှုကို စတင်မည်ဖြစ်ကြောင်း၊ မည်သို့စောင့်ကြည့်အရေးယူမည်ဆိုသည်ကိုမှု လတ်တလောပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရာပြတ်ဌာနမှ ဌာနမှူး ဦးသန်းဌေးက ပြောကြားသည်။

“အခုလက်ရှိ ၂၀၁၈ ဥပဒေအသစ်က ဌာနအလိုက်အကျဉ်းချုပ်လေးတွေကို အသိပေးလက်ကမ်းစာရွက်တွေ လိုက်ဝေတာပါ။ အသိပေးလက်ကမ်းစာရွက်ဝေတာတွေ ပညာပေးအစီအစဉ်တွေလုပ်ပြီးရင်တော့ ဒီဥပဒေ သစ်အတိုင်းဆောင်ရွက်ဖို့ တိုင်းအစိုးရအဖွဲ့ညွှန်ကြားချက်နဲ့ ဆောင်ရွက်ရမှာပါ”ဟု ၎င်းက ဆိုသည်။

ထို့ပြင် ပန်းဥယျာဉ်၊ ပန်းခြံ၊ အားကစားကွင်းများအတွင်းသို့ အမှိုက် သို့မဟုတ် စက်ဆုပ်ဖွယ်အရာကို ပစ်ချခြင်း၊ သွန်ချခြင်း၊ ကျရောက်စေခြင်း သို့မဟုတ် စွန့်ပစ်ခြင်းပြုပါက ငွေဒဏ် ကျပ် ၃ သောင်းမှ ကျပ်သုံးသိန်းအထိဖြစ်စေ၊ ထောင်ဒဏ် ၃လ အထိဖြစ်စေ ဒဏ်နှစ်ရပ်လုံးချမှတ်နိုင်ကြောင်း ဥပဒေအသစ်တွင် ပါရှိသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ (၂၀၁၈ ခုနှစ်) အသိပေးလက်ကမ်းစာရွက်များကို YCDC ၏ လုပ်ငန်းဌာနတစ်ခုစီတွင် အရွက်ရေ ၂ သောင်းဖြင့် ဌာန ၂၀ အတွက် အသိပေးစာရွက် လေးသိန်းကို ဇူလိုင်လ ၃၀ ရက်မှစ၍ ယင်းဌာနသို့ လာရောက်သူများအား ဖြန့်ဝေပေးနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အတည်ပြုလက်မှတ်ရေးထိုးခဲ့သည်။

J-10


  • VIA