News

POST TYPE

POPULAR POST

ဆိုင်ကယ်ရောင်းသူများကို ယာဉ်လိုင်စင်/အရောင်းလိုင်စင်လုပ်ပြီးမှ ရောင်းချရန် အသိပေး
02-Aug-2018


ဗန်းမော်၊ ဩဂုတ် ၁

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ ဆိုင်ကယ်အရောင်းပြခန်းနှင့် ဆိုင်ကယ်ပွဲစားတန်းများမှ ရောင်းချသူများကို ယာဉ်လိုင်စင်၊ အရောင်းလိုင်စင် ပြုလုပ်ပြီးမှရောင်းချရန် ဇူလိုင်လ ၃၁ ရက်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေးကော်မတီက ထပ်မံခေါ်ယူကာ အသိပေးလိုက်သည်။ 

ဗန်းမော်မြို့ရှိ ဆိုင်ကယ်များကို ကချင်ပြည်နယ်တွင်း မောင်းနှင်ခွင့်လိုင်စင်များကို ယခင်က ဗမ/လိုင်စင် ၊ မကန/လိုင်စင်၊ ယ/ လိုင်စင်နှင့် ယခု KCN/ လိုင်စင်များကို ပြုလုပ်ပေးခဲ့သည်မှာ ၅ ကြိမ်မြောက် ရှိပြီဖြစ်သည်။ 

ယခုပြုလုပ်ပေးနေသော ကချင်ပြည်နယ်တွင်း မောင်းနှင်နိုင်သည့် ဆိုင်ကယ် KCN လိုင်စင်ကို ဇွန်လ ၁၀ ရက်မှ စက်တင်ဘာလ ၁၀ ရက်အထိ နေ့ချင်းပြီး ဆောင်ရွက်ပေးနေသော်လည်း လိုင်စင်လာလုပ်သူ နည်းပါးကြောင်း၊ ယင်းကြောင့် ဆိုင်ကယ်ရောင်းချသူများအနေဖြင့် ယာဉ်လိုင်စင်လုပ်ပြီး ဘီးများကိုသာ ရောင်းချစေလိုခြင်းကြောင့် ယခုကဲ့သို့ တွေ့ဆုံကာ အသိပေးခြင်းဖြစ်ကြောင်း ဗန်းမော်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိုးညွှန့်က ပြောသည်။ 

ဗန်းမော်မြို့တွင် မော်တော်ဆိုင်ကယ် လိုင်စင်ကို အမျိုးအစား ၅ မျိုးဖြင့် ပြုလုပ်ပေးခဲ့သော်လည်း လိုင်စင်မဲ့ ဆိုင်ကယ်များကို ဖမ်းဆီးခြင်း မရှိခြင်း၊လိုင်စင်မဲ့ ဆိုင်ကယ်ဝင်ရောက်မှုကို မတားဆီးနိုင်သဖြင့် တရားမဝင် ဆိုင်ကယ်များ ထပ်မံပေါ်ပေါက်လာနေမည်ဖြစ်၍ ဈေးကြီးပေး၍ လိုင်စင်မလုပ်ချင်ကြောင်း ဗန်းမော်ဒေသခံများက လူမှုကွန်ယက်တွင်ရေးသားကြသည်။ 

“လိုင်စင်တော့လုပ်ချင်တယ်၊ ဒါပေမယ့် ဈေးကြီးတယ်။ တကယ်ဆိုရင် လူတိုင်းလုပ်နိုင်အောင် ၂၀၁၈ ထွက်တဲ့ မော်ဒယ်လ်ကို လိုင်စင်လုပ်ပါက ကုန်ကျစရိတ်က ကျပ်ငါးသောင်းလောက်ဆိုရင် လူတိုင်း လုပ်ကြမှာ”ဟု ပညာရေးဝန်ထမ်း ဒေါ်လုနန်က ပြောသည်။ 

ဗန်းမော်မြို့နယ်တွင် ၅၁ ရက်အတွင်း KCN ဆိုင်ကယ်လိုင်စင်လုပ်သည်မှာ ၁၄၆၁ စီးသာရှိကြောင်း ဗန်းမော်မြို့ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနထံမှသိရသည်။ 

R-14



  • VIA