News

POST TYPE

POPULAR POST

ကားတွေရမယ်၊ ကားတွေရမယ်
03-Oct-2016
‘ကားတွေရမယ်၊ ကားတွေရမယ်’

ကျပ်သိန်းရာချီသော ကားများ ယခုနှစ်ထဲ ရောင်းမထွက်ပါက မူလနိုင်ငံသို့ ပြန်ပို့ရမည် ဖြစ်သောကြောင့် ယခုကဲ့သို့ အော်ရောင်းရမည့် အဖြစ်မျိုးနှင့် ကြုံတွေ့နေခြင်း ဖြစ်သည်။

ယခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ Consignment (အပ်ကုန်စနစ်) ဖြင့် ၂၀၀၅ ခုနှစ် မော်ဒယ်လ်အောက် မော်တော်ယာဉ်များ မှတ်ပုံတင်ပြီးခြင်း မရှိလျှင် မူလနိုင်ငံသို့ ပြန်ပို့ရဖွယ် ရှိနေသည်။ 

ယင်းမော်တော်ယာဉ်များမှာ ပြီးခဲ့သည့်နှစ်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းအရ အစီးရေ ၆၀၀၀ ခန့်ရှိသည်။ 

ဇာစ်မြစ်

ယခုကဲ့သို့ ပြစ်ဒဏ်မျိုး ထုတ်ထားသည်မှာ ယခုမှတော့ မဟုတ်။ မော်တော်ယာဉ် အရောင်းစင်တာများ စတင်ဖွင့်ခွင့်ပြုခဲ့သည့် ၂၀၁၂ ခုနှစ် အတွင်းမှ စခဲ့ခြင်း ဖြစ်သည်။ 

အရောင်းစင်တာပါမစ် တစ်နည်း Consignment ပါမစ်ဖြင့် တင်သွင်းသော မော်တော်ယာဉ်သည် မြန်မာနိုင်ငံသို့ ရောက်ရှိသည့်နေ့မှစ၍ ၂ နှစ်အတွင်း ရောင်းထွက်ခြင်း မရှိပါက မူလနိုင်ငံသို့ ပြန်ပို့ရမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ကန့်သတ်ထားသည်ကို အရောင်းစင်တာ ပိုင်ရှင်တို့က ယခင်ကပင် လက်မှတ်ထိုးထားခဲ့သည်။ 

ပြီးခဲ့သည့်နှစ်ကပင် ယင်းပြဿနာကို ကြုံတွေ့ခဲ့ရပြီး မော်တော်ယာဉ်အသင်းများ၏ ညှိနှိုင်းမှုဖြင့် ပြေလည်ခဲ့ရာမှ ယခုမှ ယင်းပြဿနာ ပြန်လည်ပေါ်ပေါက်လာခြင်း ဖြစ်သည်။ 

“ဒီကားတွေကို ဒီနှစ်ကုန်ရင် မူလနိုင်ငံကို ပြန်ပို့ရမယ် ဆိုတာက သူတို့ (ကားလုပ်ငန်းရှင်) တွေ ၂၀၁၅ ဇန်နဝါရီလောက် ကတည်းက အရင်ဝန်ကြီးနှစ်ဦး (စီးပွား/ကူးသန်းနှင့် ပို့ဆောင်ရေး) နဲ့ ပြုထားတဲ့ ကတိတစ်ခုပါ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ရှင်းပြသည်။

ဦးမင်းမင်းသည် မော်တော်ယာဉ်နှင့် ပတ်သက်၍ မူဝါဒပိုင်းဆိုင်ရာအပြင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးရာတွင် ပါဝင်လေ့ရှိသည်။

၎င်းက ယခုကဲ့သို့ ဆိုခြင်းမှာ ယခုနှစ်တွင် မည်သို့မျှ ညှိနှိုင်း၍ ရရှိမည် မဟုတ်တော့ဟု ဆိုခြင်းပင်ဖြစ်သည်။ 

“မနှစ်တုန်းကတည်းက သဘောတူညီချက် ဖြစ်တဲ့အတွက် ဒီဟာကို ပြန်ပြီးတော့ ပြန်ပြင်ပေးပါ ပြောဖို့အတွက်တော့ ကျွန်တော်တို့ အနေနဲ့ တကယ်တမ်း ပြောရရင် ခက်ခဲတယ်ဗျ” ဟု ဆိုလာသူက ဦးကြည်သာဟန် ဖြစ်သည်။

၎င်းသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ အတွင်းက ပြုလုပ်ခဲ့သည့် မူဝါဒ ပြင်ဆင်ရေး အစည်းအဝေးတွင် ပါဝင်သူတစ်ဦးဖြစ်ပြီး မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးအသင်း ဗဟိုအလုပ်အမှုဆောင် တစ်ဦးလည်း ဖြစ်သည်။

ယင်းသို့ ဆိုသော် လက်ရှိ ကျန်ရှိနေသော၂၀၀၅ မော်ဒယ်လ်အောက် Consignment မော်တော်ယာဉ်များ အားလုံးသည် ယခုနှစ်အတွင်း စလစ်မကပ်နိုင်ပါက အရေးယူခြင်းကို ခံရတော့မည် ဖြစ်သည်။ 
ပွင့်လင်းမြင်သာမှု

ထိုသို့ဆိုသော် လုပ်ငန်းရှင်များ၏ ပွင့်လင်းမြင်သာမှုနှင့် အစိုးရသစ်၏ ပွင့်လင်းမြင်သာစွာ အရေးယူ လုပ်ဆောင်မှုတို့ အမှန်တကယ်ပင် လိုအပ်လာပြီ ဖြစ်သည်။

လုပ်ငန်းရှင်များ၏ ပွင့်လင်းမြင်သာမှုဟု ဆိုရာတွင် အစီးရေ မည်မျှရှိသည်ကို မည်မျှထုတ်ရောင်းပြီး ဖြစ်ကြောင်းနှင့် မည်မျှကျန်ရှိကြောင်းကို ထုတ်ဖော်ပြသရန် ဖြစ်သည်။

“ကျွန်တော်တို့အသင်း (မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအသင်း) က မနှစ်တုန်းကလည်း အစီးရေကို လာတင်ပြခိုင်းခဲ့တယ်။ ဒီနှစ်လည်း တင်ပြဖို့ခိုင်းတယ်။ ဒါပေမဲ့ လာမတင်ကြဘူးဗျာ” ဟု ယင်းအသင်း၏ ဒုတိယဥက္ကဋ္ဌ ၄ ဦးမိုးကျော်စွာက ပြောဆိုသည်။

ဦးကြည်သာဟန်ကတော့ ထိုမော်တော်ယာဉ် အစီးရေ ကျန်ရှိနေမှုကို ယခုလိုဆိုသည်။
“အစီးရေကတော့ သိပ်မကျန်တော့လောက်ဘူး။ နည်းနည်းပဲရှိတော့တယ် ထင်ပါတယ်” ဟု ဆိုသည်။

အစိုးရဘက်က ပွင့်လင်းမြင်သာမှုဟု ဆိုရာတွင် မည်သည့်အရောင်းစင်တာက သတ်မှတ်ကာလအတွင်း အစီးရေမည်မျှကို ရောင်းမထုတ်နိုင်ခဲ့သည့်အတွက် မည်သို့ အရေးယူလိုက်သည်ကို ဆိုခြင်းဖြစ်သည်။ 

အရေးယူမည် ဆိုခြင်းမှာ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ခန့်မှ စတင်ခဲ့ခြင်း ဖြစ်သော်လည်း ယခင်အစိုးရလက်ထက် အတွင်းက လုပ်ငန်းရှင်နှင့် အစိုးရ တာဝန်ရှိသူတို့ လက်ဝါးချင်း ရိုက်ခဲ့ခြင်းကြောင့် ယင်းကိစ္စမှာ အလွယ်တကူ ပျောက်ပျက်ခဲ့ရသည်။

“ဘယ်လိုအရေးယူမလဲ ဆိုတာက ဒီစည်းကမ်းက နဂိုကတည်းက ရှိပြီးသား ဖြစ်တဲ့အတွက် ပြန်ပို့ရမှာပေါ့” ဟု ဦးမင်းမင်းက ယတိပြတ် ပြောဆိုသည်။

ထို့ပြင် Consignment မော်တော်ယာဉ်များ၏ အစီးရေကို အတိအကျ သိရှိစေနိုင်ရန် စာရင်း ထပ်မံကောက်ခံမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။ 

အဓိက အန္တရာယ်

ထို Consignment ကားများ မဖြစ်မနေပြန် ထုတ်ရမည် ဆိုပါက မော်တော်ယာဉ်ဈေးကွက် အတွင်း ကျရောက်နိုင်သည့် အဓိက အန္တရာယ်မှာ စလစ်ဈေး မြင့်တက်ခြင်းပင် ဖြစ်သည်။

လတ်တလောတွင်ပင် ယာဉ်အိုယာဉ်ဟောင်း မော်တော်ယာဉ်များ ရှားပါးနေခြင်းကြောင့် စလစ်ဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး တစ်စောင်လျှင် ကျပ် ၁၀၅ သိန်း အထိပင် ရောက်ရှိနေသည်။

“ဒီကားတွေ အကုန်လုံးကို စလစ်ကပ်လိုက်ရမှာလေ။ ဒါကြောင့် စလစ်ဈေးက တက်သွားနိုင်တယ်။ အခုတောင် စလစ်ဈေးက ၁၀၅ သိန်း ဖြစ်နေပြီ” ဟု ဦးကြည်သာဟန်က သတိပေး ပြောဆိုသည်။

ထို့ကြောင့် ကားအရောင်းစင်တာများ အနေဖြင့် ၂၀၀၅ ခုနှစ်အောက် ကားများအားလုံးကို မည်သို့လုပ်မည်နည်း။ အရှုံးခံပြီး လျှော့ဈေးဖြင့် ရောင်းမည်လား သို့မဟုတ် မူလနိုင်ငံ ပြန်ပို့မည်လော သို့မဟုတ် ကိုယ့်ဘာကိုယ် စလစ်ကပ်၍ မှတ်ပုံတင်မည်လား ဆိုသည်မှာ စိတ်ဝင်စားစရာပင်။

လျှော့ဈေးဖြင့် ထုတ်ရောင်းခြင်းနှင့် မူလနိုင်ငံ ပြန်ပို့ခြင်းတို့ ပြုလုပ်ရန် ဆိုသည်မှာ မော်တော်ယာဉ် လုပ်ငန်းရှင်များအတွက် များစွာခက်ခဲမည် ဖြစ်သည်။

“လျှော့ဈေးနဲ့ ရောင်းထုတ်ဖို့ကတော့ ခက်မယ်။ ဒါပေမဲ့ မဖြစ်မနေ ဆိုရင်တော့ မပြောတတ်ဘူး။ နိုင်ငံခြားကိုတော့ ဘယ်သူမှ ပြန်ပို့ကြမှာ မဟုတ်ဘူး” ဟု ဦးမိုးကျော်စွာက မှတ်ချက်ပေး ပြောဆိုသည်။ 

သို့သော် Consignment ကားသည် စလစ်ကပ် ဖြစ်သည့်အတွက် Free Permit နှင့် မဆိုင်ပေ။ ဒီကိစ္စကြောင့် Free Permit မော်တော်ယာဉ်များ ဈေးနှုန်းအပြောင်းအလဲ မဖြစ်ပေါ်နိုင်ပေ။ 

စလစ်ဈေးကို ဘယ်လိုထိန်းမလဲ

“စလစ်ဈေး ကြီးမြင့်တာကို သက်သာစေချင်တယ် ဆိုရင်တော့ ကညနအနေနဲ့ ယာဉ်အိုယာဉ်ဟောင်း လက်ခံတဲ့ သက်တမ်းကို လျှော့ချပေးလိုက်မယ် ဆိုရင်တော့ အဆင်ပြေသွားမှာပါ” ဟု ဦးကြည်သာဟန်က ထောက်ပြသည်။ 

လက်ရှိ၌ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက အက္ခရာယာဉ်များကို မော်တော်ယာဉ် ထုတ်လုပ်နှစ် သက်တမ်း နှစ် ၂၀ ပြည့်လျှင် အပ်နှံခွင့် ပြုထားပြီး စက်မှုဇုန်ထုတ် မော်တော်ယာဉ်များကိုမူ ထုတ်လုပ်နှစ် သက်တမ်း ၁၀ နှစ်ပြည့်သည့် မော်တော်ယာဉ်များကို အပ်နှံခွင ပြုထားသည်။ 

စလစ်ဈေးတို့သည် ယာဉ်အိုယာဉ်ဟောင်းများ စတင် အပ်နှံခွင့်ပြုခဲ့စဉ်က ကျပ်သိန်း ၁၈၀ အထိ ရှိခဲ့ဖူးပြီး ၂၀၁၄ ခုနှစ် အတွင်းက ဒုတိယဈေးအမြင့်ဆုံး အနေဖြင့် စလစ်တစ်စောင်လျှင် ကျပ်သိန်း ၁၂၀ ခန့်အထိ မြင့်တက်ခဲ့ဖူးသည်။ ယင်းဈေးသည် ကားတစ်စီး၏ တန်ကြေးထက် မြင့်မားသည့် ဈေးနှုန်းတစ်ရပ် ဖြစ်သည်။ ယခုကိစ္စကြောင့် ထိုဈေးသို့ မရောက်နိုင်ဟု မဆိုနိုင်ပေ။ 

“ဘယ်လိုလာဦးမလဲတော့ မသိသေးဘူးပေါ့နော်။ ဒါပေမဲ့ ကျွန်တော် တစ်ခုပြောနိုင်တာက စလစ်ဈေးက ပက်ပက်စက်စက်ကြီးတော့ မဖြစ်သွားပါဘူး” ဟု ဦးမိုးကျော်စွာက သုံးသပ်ပြောဆိုသည်။

အစိုးရက မော်တော်ယာဉ် မူဝါဒသစ်ကို မည်သို့ ချမှတ်မည်ကိုမူ မသိသေးပေ။ 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ၎င်းတို့အနေနှင့် အရောင်းစင်တာ ပိုင်ရှင်များနှင့် ညှိနှိုင်းဦးမည် ဖြစ်ကြောင်း ပြောကြားသည်။

ထိုသို့ဆိုပါက အရောင်းစင်တာ ပိုင်ရှင်တို့ အတွက် ရတက်အေးဖွယ်ပင်။ ထိုသို့ မဟုတ်ပါကလည်း ယခုကဲ့သို့ ဆိုပါကလည်း အဆင်ပြေနိုင်သည်ဟု ဦးကြည်သာဟန်ကတော့ ယခုလို ဆိုသည်။
“ဒီကိစ္စက စလစ်ဈေး မတက်ရင် လုံးဝ အိုကေသွားပြီ။ စလစ်ဈေး မတက်ပါစေနဲ့လို့ပဲ ဆုတောင်းရမယ်” ဟုပင်။

ထိုနှစ်ရပ်လုံး မဟုတ်ပါကလည်း ယခုကဲ့သို့ ဖြစ်ဖွယ်ရှိသည်။
‘ကားတွေရမယ်၊ ကားတွေရမယ်’

ဟိန်းမြတ်စိုး