News

POST TYPE

POPULAR POST

ဆီးရီးယားတွင် အမျိုးသမီးများနှင့် ကလေးများကို IS အုပ်စု ပြန်ပေးဆွဲ
01-Aug-2018


ဒမတ်စကတ် ဇူလိုင် ၃၁

ဆီးရီးယားတောင်ပိုင်း ဆွီဒါပြည်နယ်ရှိ ကျေးရွာတစ်ရွာကို IS အဖွဲ့က တိုက်ခိုက်ခဲ့ပြီး အနည်းဆုံးအမျိုးသမီးများနှင့် ကလေးများ စုစုပေါင်း ၃၆ ဦး ခန့်ကို ပြန်ပေးဆွဲခေါ်ဆောင်သွားသည်ဟု ဆီးရီးယား လူ့အခွင့်အရေးအကဲခတ် စောင့်ကြည့်ရေးအုပ်စုက ပြောကြားကြောင်း DW သတင်းတွင် ဖော်ပြထားသည်။

ထိုနယ်မြေရှိ အမျိုးသားများစွာမှာလည်း အကြောင်းရင်းမသိရဘဲ ပျောက်ဆုံးနေပြီး ၎င်းတို့ ပြန်ပေးဆွဲခံရသလား ဆိုသည်ကိုမူ သဲကွဲစွာမသိရသေးပေ။

ဆီးရီးယားနိုင်ငံအတွင်း ကွန်ရက်များ ဖြန့်ကြက်ထားသော ဗြိတိန်အခြေစိုက် လူ့အခွင့်အရေး အကဲခတ်အုပ်စုက အဆိုပါ ပြန်ပေးဆွဲမှုသည် ဗုဒ္ဓဟူးနေ့က လူ ၂၀၀ ကျော် သေဆုံးခဲ့ရသော IS အဖွဲ့၏ ပြင်းထန်သောတိုက်ခိုက်မှုအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားသည်။

အမျိုးသမီး ၂၀ နှင့် ကလေး ၁၆ ဦးကို IS အဖွဲ့က ဇူလိုင်လ ၂၅ ရက်တွင် ပြန်ပေးဆွဲခေါ်ဆောင်သွားသည်။ ၎င်းတို့အနက်မှ လေးဦးကို ဒရုစ်နယ်မြေသို့ပြန် လွှတ်ပေးခဲ့ပြီး သေဆုံးသူနှစ်ဦးရှိသည်။ ကျန် ၃၀ မှာ အဖမ်းခံနေရဆဲပင်ဖြစ်သည်ဟု အကဲခတ်အုပ်စုအကြီးအကဲ ရာမီအက်ဘ်ဒယ်ရာမန်က ပြောကြားသည်။

IS အဖွဲ့က ပစ်မှတ်ထားနေသော နယ်မြေမှ အမျိုးသား ၁၇ ဦးသည်လည်း အကြောင်းရင်းမသိရဘဲ ပျောက်ဆုံးနေပြီး ၎င်းတို့ပါ အဖမ်းခံထားရသလားဆိုသည်ကိုမူ သဲကွဲစွာမသိရသေးဟု ရာမန်က အေအက်ဖ်ပီသို့ ပြောကြားသည်။

သို့ရာတွင် IS အဖွဲ့က ပြန်ပေးဆွဲမှုများသည် ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ကြေညာထားခြင်းမရှိပေ။ IS အဖွဲ့၏ ဝါဒဖြန့်လိုင်းများပေါ်တွင်လည်း ပြန်ပေးဆွဲ ခံရသူများနှင့်ပတ်သက်သည့် အသေးစိတ်အချက်များကို ဖော်ပြထားခြင်းမရှိပေ။

၂၀၁၄ ခုနှစ်အတွင်းက ဆီးရီးယားနှင့် အီရတ်ရှိနယ်မြေအချို့တွင် ကာလီဖိတ် အစ္စလာမ် အုပ်ချုပ်ရေးနယ်မြေ ထူထောင်ခဲ့သော IS အဖွဲ့သည် ဆီးရီးယားနိုင်ငံ အစွန်အဖျား သဲကန္တာရထဲတွင် နယ်မြေ အနည်းငယ်ကို ထိန်းချုပ်ထားဆဲဖြစ်သည်။ အဆိုပါနယ်မြေများတွင် ဆွီဒါပြည်နယ် အစိတ်အပိုင်းအချို့နှင့် အနီးအနားကပ်လျက်ရှိဒါရာပြည်နယ် အစိတ်အပိုင်းအချို့ပါဝင်သည်။

ဆွီဒါသည် ဆီးရီးယားအစိုးရထိန်းချုပ်နယ်မြေဖြစ်ပြီး အေးချမ်းသောဒရုစ် လူမျိုးစုများ နေထိုင်ကြသည်။ ဆွီဒါပြည်နယ်သည် ခုနစ်နှစ်ကြာ ဆီးရီးယားပြည်တွင်းစစ်ဒဏ်မှ သိသိသာသာ သက်သာရာရခဲ့သည်။ 

ပြည်နယ်အတွင်း ယခင်အပတ်က ဖြစ်ပွားခဲ့သော IS အဖွဲ့၏ တိုက်ခိုက်မှုများသည် အေးချမ်းသော ပြည်နယ်အတွင်း လူအသေအပျောက် အများဆုံးဖြစ်ရပ်ဖြစ်လာခဲ့သည်။ 

F-04



  • VIA