News

POST TYPE

POPULAR POST

ဒဂုံအရှေ့ဘုန်းကြီးကျောင်းတွင် သုံးလောင်းပြိုင်လူသတ်မှုဖြစ်
ရန်ကုန်၊ ဇူလိုင် ၁၄

ဒဂုံမြို့သစ်( အရှေပိုင်း)မြို့နယ်၊ မလစ်ကျေးရွာအုပ်စု၊ ကြာနီကန်ကျေးရွာရှိ မစိုးရိမ်ကျောင်းတိုင်တွင် ဇူလိုင်လ ၁၁ ရက် ညက သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ရာ သီလရှင်နှစ်ပါးနှင့် ရဟန်းတစ်ပါးကို အသတ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လူသတ်မှုကျူးလွန်သူမှာ အဆိုဘုန်းကြီးကျောင်းအနီး နေထိုင်သော အသက် ၄၃ နှစ်အရွယ် သောင်းအေးဆိုသူဖြစ်ပြီး အသတ်ခံရသူများက ၎င်းနေထိုင်သည့် ကျူးကျော်နေရာကို ပြောင်းရွှေ့စေရန် နည်းမျိုးစုံဖြင့်တိုင်ကြားမည်ဟု ပြောဆိုခဲ့သောကြောင့် မကျေနပ်ဖြစ်ကာ ဇူလိုင် ၁၁ ရက် ညသန်းခေါင်အချိန် ကျောင်းဝင်းအတွင်းဝင်ရောက်သတ်ခဲ့ပြီး သုံးရက်အကြာ ယနေ့ (ဇူလိုင် ၁၄ ရက်) မွန်းလွဲပိုင်းတွင် ရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ကြောင်း ကနဦး ထွက်ဆိုချက်အရ သိရသည်။

“ရဲစခန်း လာအဖမ်းခံသူရဲ့ ထွက်ဆိုချက် မှန် မမှန် သွားရောက် စစ်ဆေးခဲ့တယ်။ ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့အလောင်း သုံးလောင်းကို တွေ့ရှိခဲ့တယ်။ လူသတ်မှု ကျူးလွန်သူက လွန်ခဲ့တဲ့တစ်လက သေဆုံးသူတွေက သူ့ကလေးသုံးယောက်ကို သူခိုးလို့စွပ်စွဲခဲ့တာရယ်၊ သူ့နေအိမ်က ဆောင်းဘောက်ကို အသံ အကျယ်ကြီးဖွင့်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး စကားများ ရန်ဖြစ်ရာက လူသတ်မှုကို ကျူးလွန်ခဲ့တာလို့ သိရတယ်”ဟု ရဲအရာရှိကပြောသည်။

ငှက်ကြီးတောင်ဓားဖြင့် ခုတ်သတ်မှုကြောင့် အသက် ၅၄ နှစ် (ဝါတော် ၃၂ ဝါ)ရှိ ဦးစန္ဒောဘာသ၊ အသက် ၅၆ နှစ် (ဝါ ၅ လ)လူအမည် မအိပိုင်(ဘွဲ့အမည် စုံစမ်းဆဲ)နှင့် အသက် ၄၂ နှစ် (ဝါတော် ၃၀ နှစ်)ရှိ ဒေါ်ပညာသီင်္ဂီတို့မှာ ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်။

အဆိုပါ သုံးလောင်းပြိုင် လူသတ်မှုကျုးလွန်သူ သောင်းအေးကို ဒဂုံအရှေ့ မြို့မရဲစခန်းက (ပ) ၈၄၁/၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားသည်။

S-03